ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အမျိုးသားအဆင့်စီမံကိန်း ဦးဆောင်ကော်မတီ (NPSC) ပထမအကြိမ် အစည်းအဝေး ကျင်းပ။

မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ခြင်းစီမံကိန်း FARM Project ၏ စီမံကိန်း ကာလ (၆)နှစ်တာကာလ လျာထားဆောင်ရွက်မှုအပေါ် Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်ခဲ့သည့်အတွက် စီမံကိန်းကာလ တစ်နှစ် ထပ်မံတိုးမြှင့်ခြင်း နှင့်အတူ ကျန်ရှိလျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် နည်းလမ်းများကို မူဘောင်အတွင်း က တိတိကျကျ လိုက်နာဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ ၌ ကျင်းပ ပြုလုပ်သည့် မြန်မာ့ စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ခြင်းစီမံကိန်း FARM Project ၏ ပထမအကြိမ် အမျိုးသားအဆင့် စီမံကိန်း ဦးဆောင်ကော်မတီ (NPSC) အစည်းအဝေး ညှိနှိုင်းအစည်းအဝေး တွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။

Covid-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ် သည့် အဆိုပါ အစည်းအဝေးသို့ စီမံကိန်းဦးဆောင်ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ ဒုတိယဥက္ကဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စီမံကိန်းဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ အပြည်ပြည် ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုငွေကြေး ရန်ပုံငွေအဖွဲ့ (International Fund for Agriculture Development-IFAD) မှ တာဝန်ခံ ကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် FARM Project ကို စီမံကိန်းကာလ (၆)နှစ်ကာလ၏ နောက်ဆုံးနှစ် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက်ခဲ့သော်လည်း Covid-19 ကပ်ရောဂါ ကြောင့် လုပ်ငန်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်သည့်အတွက် စီမံကိန်းကာလ တစ်နှစ် ထပ်မံတိုးမြှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်း၊ ရေသွင်းမြောင်းနှင့်ရေနုတ် မြောင်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ခြင်း၊ ရေအသုံးချသူ အသင်းအဖွဲ့များ တည်ထောင်ခြင်း၊ တောင်သူ ပညာပေး လုပ်ငန်းများ၊ တောင်သူများ  မြေယာမဲ့များ ကို စိတ်ဝင်စားမှု တူညီရာအဖွဲ့(Common Interest Froup-CIG)အဖွဲ့များ လက်ကျန်ရန်ပုံငွေများ သုံးစွဲခြင်းနှင့် Community ဖွံ့ဖြိုးရေးလုပ်ငန်း များအား ထပ်မံတိုးမြှင့်သည့် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက် သွားရန် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုငွေကြေး ရန်ပုံငွေအဖွဲ့ (International Fund for Agriculture Development-IFAD) နှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ခြင်း စီမံကိန်း (Forestering Agricultural Revitalization in Myanmar – FARM Project) အား ၂၀၁၄ ခုနှစ်မှစတင်၍ ဒီဇင်ဘာ ၂၀၂၀ ပြည့်နှစ်အထိ (၆)နှစ်ကြာ ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် သည့် စီမံကိန်းဖြစ်သည်။ စီမံကိန်းရလဒ်အဖြစ် စိုက်ပျိုးရေးအခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတွင် စနစ်တကျ လယ်ယာမြေ ဖော် ထုတ်ခြင်း၊ ရေသွင်းမြောင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရေနှုတ်မြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လည်းကောင်း၊ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆိုင်ရာ ဝန်ဆောင်မှုများကဏ္ဍတွင် အသိပညာ ဖွံ့ဖြိုးတိုး တက်ရန် ရင်းနှီးမြှုပ်နှံရေး၌ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(Knowledge Centre)များ တည်ဆောက်ခြင်း၊ စံပြကွက် များ ပြုလုပ်ခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ တောင်သူကွင်းသင်တန်း ကျောင်း(FFS) ဖွင့်လှစ်ခြင်း၊ အပင်ဆေးခန်း(Plant Clinic)များ ဖွင့်လှစ်ခြင်းနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု CIG အဖွဲ့ ဖွဲ့စည်းခြင်းတို့ကိုလည်းကောင်း ပြီးစီးဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။