စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြင်သစ်နိုင်ငံအခြေစိုက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းဖြစ်သည့် GRET Myanmar အဖွဲ့တို့ပူးပေါင်း၍ “လူထု၏ စားနပ်ရိက္ခာဖူလုံမှုနှင့် သက်မွေးမှုအခြေအနေ တိုးမြှင့်တည်ဆောက်ပေးရေးစီမံကိန်း” ဆိုင်ရာ (၃)နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာနှင့် လုပ်ငန်းစီမံချက်အား လက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီလ(၈)ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ GRET Myanmar အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် စီမံကိန်းတာဝန်ခံများ တက်ရောက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီး-ဘိုကလေးနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ ရခိုင်ပြည်နယ်-ကျောက်တော် မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး- ဟုမ္မလင်း၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ် တို့တွင် အကောင် အထည် ဖော် ဆောင်ရွက်မည့် အဆိုပါ စီမံကိန်း ၏ နားလည်မှုစာချွန်လွှာနှင့် လုပ်ငန်း စီမံချက်အား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် GRET Myanmar အဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာဖြိုးမင်းဆွေ တို့က လက်မှတ် ရေးထိုး ခဲ့ကြသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မြေယာမဲ့နှင့် လယ်သမားငယ်များ၏ စိုက်ပျိုးထုတ်လုပ်မှု စနစ်များ ပိုမို ရေရှည်တည်တံ့စေရန်နှင့် ပုံမှန်အခြေအနေရောက်ရှိစေရေးအတွက် အခြေအနေ တစ်ခု ဖန်တီးပေးရန်၊ ရခိုင်ပြည်နယ် အရှေ့ပိုင်း တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးနှင့် ဝင်ငွေရရှိရေး လုပ်ငန်းများ တွင် ပါဝင်ကူညီရန်၊ ဒေသတွင်း ထိခိုက် ခံစားနေရ သော မိသားစုများကို ငြိမ်းချမ်းရေး အခွင့်အလမ်းများ နှင့် ရင်းနှီးမြှုပ်နှံမှု အသစ်များဖြင့် ပြန်လည် ထူထောင်ရေးများ တွင် ပါဝင်ကူညီရန် ၊ သဘာဝ အရင်းအမြစ်များကို ရရှိ အသုံးပြုနိုင်မှုများ သေချာ စေရေး တွင် ပါဝင်ကူညီရန်၊ သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲခြင်းနှင့် သဘာဝအရင်းအမြစ်များ ထုတ်ယူရာတွင် ကျား/မ တန်းတူ ပါဝင်မှု၏ သက်ရောက်မှုကို ဖော်ထုတ် ရန် ရည်ရွယ်ဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွင် ဒေသနှင့်ကိုက်ညီသည့် သီးနှံ မျိုးစေ့များ၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် လုပ်ငန်းသုံးကိရိယာများ ဖြန့်ဖြူးပေးခြင်း၊ အထွက်ကောင်း မျိုးစေ့ မျိုးပွား စိုက်ခင်းများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ မြေယာမဲ့ လယ်သမားများ၏ ထုတ်လုပ်မှုနစ် အမျိုးမျိုးအပေါ် ပိုမိုကျင့်သားရလာပြီး အရှိန်မြင့်တက် လာစေခြင်း၊ လယ်သမား အဖွဲ့အစည်းများသည် စိုက်ပျိုးရေး ဂေဟစနစ် ပြောင်းလဲရေးအား ကူညီ ပံ့ပိုးပြီး တိုးချဲ့ပညာပေး လုပ်ငန်းများကို စီမံခန့်ခွဲလာနိုင်ခြင်း၊ စိုက်ပျိုးရေး ဂေဟစနစ်နှင့် အန္တရာယ်ကင်းသော အစား အစာ စနစ် ပြောင်းလဲရေးလုပ်ငန်းများ တိုးပွားလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေ ရန် စီမံကိန်းတွင် ထည့်သွင်းစီမံထားကြောင်း၊ သင်တန်းများပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ တောင်သူများအတွက် အထောက်အကူများ ရရှိစေမည့် ကျေးလက် လူထု အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာအသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်မှု တွင် ကူညီပံ့ပိုးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။