ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသတွင် ဖော်ဆောင်မည့် စီမံကိန်း များ ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကျင်းပ

တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသတွင် ဖော်ဆောင်မည့်စီမံကိန်းများ ဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Covid-19 တားဆီး ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် နှင့်   ဒုတိယဝန်ကြီး ဦးလှမော်ဦး  တို့က အမှာ စကား‌ ပြောကြားကြပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က အကောင် အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာဦးစီးဌာန တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက် အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများတွင် ဖော်ဆောင်မည့် စီမံကိန်းများ နှင့် စပ်လျဉ်း ၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေး၊ ထိခိုက်နစ်နာမှု မရှိစေရေးတို့အတွက် ဥပဒေကြောင်းအရ အလေးထားဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီး ဌာန၏ အဆင်ပြေချောမွေ့ စေရေး ကိစ္စရပ်များ  ၊ လုပ်ငန်းကြန့်ကြာမှု မရှိစေရေး ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝ သယံဇာတ ထုတ်ယူ သုံးစွဲခြင်းလုပ်ငန်းများ၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားသော ကဏ္ဍ များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

စီမံကိန်း၏ အကျိုးအပြစ်နှင့် အကြောင်းအရာများကို စီမံကိန်းအကောင်အထည် ဖော်မည့် ဒေသရှိ အခြေချနေထိုင်သူ ဒေသခံတိုင်းရင်းသားများ သိရှိနားလည် စေရန် ၎င်းတို့ နားလည် သဘောပေါက်နိုင်မည့် ဘာသာစကားနှင့် နည်းလမ်းများ ကို အသုံးပြုလျက် ရှင်းလင်းချပြ ပေးသွားမည်ဖြစ်သည်။ အလားတူ အဆိုပါဒေသများရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဘဝတို့ အပေါ် ထိခိုက်ပြောင်းလဲ မှု ဖြစ်ပေါ်စေနိုင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အပေါ်သက်ရောက်မှု ဆန်းစစ်ခြင်းတို့ကို သက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ ဖြစ်သည့် စီမံကိန်း ဦးစီးဌာန က စီမံကိန်းလုပ်ငန်း(၃)ခု၊ စိုက်ပျိုးရေးဦးစီးဌာန က စီမံကိန်းလုပ်ငန်း (၇)ခု၊ စက်မှု လယ်ယာ ဦးစီးဌာန က စီမံကိန်းလုပ်ငန်း(၈)ခု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန က စီမံကိန်းလုပ်ငန်း(၂၅)ခု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန က စီမံကိန်းလုပ်ငန်း (၁)ခုနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က စီမံကိန်းလုပ်ငန်း(၄) ခု၊  စုစုပေါင်း စီမံကိန်းလုပ်ငန်း (၄၈)ခုကို  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ ဒေသများနှင့် နှီးနွယ်ဆက်စပ်မှုရှိသည့် ဒေသများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။