ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေး ဆောင်ရွက်နေသည့် လုပ်ငန်းများဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကြုံတွေ့လာရသည့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေး ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Covid-19 တားဆီး ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ က Zoom Applaction အသုံးပြု၍ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ရုံးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များရှိ  တာဝန်ခံအင်ဂျင်နီယာများအနေဖြင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများထံ တင်ပြလမ်းညွှန်မှုခံယူပြီး ရေအရင်းအမြစ်များရှာဖွေထိန်းသိမ်း၊ စနစ်တကျ သုံးစွဲနိုင်ရေး တို့အတွက် စည်းကမ်း နည်းလမ်းကျသည့် ဦးဆောင်မှုများ ပေးသွားခြင်းဖြင့်  လုပ်ငန်းခွင် အကျိုးရှိထိရောက်စွာ ဆောင်ရွက်ပြီး ဆည်မြောင်းကဏ္ဍ တိုးတက်စေရေးကို ကြိုးပမ်း အားထုတ်ကြစေလိုကြောင်း ၊ ဖြစ်ပေါ်လာနိုင်သည့် ရေရှားပါးမှုပြဿနာ အခက်အခဲ ကို ဖြေရှင်းနိုင်ရေး အတွက် မြေအောက်ရေ ရရှိထိန်းသိမ်းမှု၊ ကျေးလက် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ၊ သောက်သုံးရေနှင့်စိုက်ပျိုးရေး ဖူလုံ စွာ ရရှိနိုင်ရေးတို့အတွက် ရေအရင်း အမြစ် ရရှိမည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ရှိပြီးသား ‌ရေအရင်းအမြစ်များကို မပျောက် ပျက်အောင် အကျိုးရှိထိရောက်စွာနှင့်  အလေအလွင့် နည်းပါးစွာ သုံးစွဲနိုင်ရေး လုပ်ငန်းများ ကို တိကျခိုင်မာသည့် စီမံချက်များရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိရာတွင် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံ၊ သောက်သုံးရေ နှင့် ဒေသဖွံ့ဖြိုးရေး တို့အတွက် ရေသုံးစွဲနိုင်ရန် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါးနှင့် မြစ်ရေတင်လုပ်ငန်း များက အကျိုးပြု ပေးဝေလျက် ရှိကြောင်း၊ ယခုအခါ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးရွာသွန်းမှု ပုံစံပြောင်းလဲပြီး ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်း ကျဆင်းလျက် ရှိနေ ကြောင်း၊ ထို့ကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါး၍ သိုလှောင်ရေ ကျဆင်းလာခြင်းကြောင့် ရေသွင်းစိုက်ပျိုးဧက၊သောက်သုံးရေများ လျော့နည်းခြင်း မဖြစ်ပေါ် စေရန် ရေတို၊ ရေရှည် ဆောင်ရွက်ရန် လုပ်ငန်းများ နှင့် တည်ဆောက်ပြီး တမံများ၏ ဘေးကင်း လုံခြုံမှု လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန် ယနေ့ အစည်းအဝေး ကို ကျင်းပခြင်းဖြစ်၍ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများ အလိုက် ဆွေးနွေး ဆောင်ရွက် ကြစေ လိုကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ရေသွင်းစိုက်ပျိုးဧက တိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် ရေရရှိရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ မိုးရေခံနည်းပညာ ( Rain Water Harvesting ) ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု၍ ရေသိုလှောင်ထားရှိခြင်း ၊ ချောင်းပိတ်၊ မြောင်းပိတ်၊ ယာယီတမံငယ်များပိတ်၍ ရေပေးဝေခြင်း၊ ရေခေါ်မြောင်း ရေပေးမြောင်းများ တူးဖော်စေခြင်း တည်ဆောက်ဆဲ ဆည်ရေသောက် စနစ်များ ပြီးစီးအောင်တည်ဆောက်ခြင်း၊ တည်ဆောက်ပြီးကာလကြာမြင့်သည့် ရေသောက်စနစ်များအား အဆင့်မြှင့်တင်ခြင်း စသည့် လတ်တလောအကျိုးပြုလုပ်ငန်းများ ကိုလည်းကောင်း၊

မြေအောက်ရေဖြည့်တင်းခြင်း( Ground Water Recharge ) နည်းပညာကို ဖြစ်နိုင်ချေ ရှိသော နေရာများ ရွေးချယ်ဆောင်ရွက်ခြင်း၊ ရေစီးရေလာသေချာသည့်နေရာများတွင် ရေလွှဲဆည်၊ ကန်၊ ရေတံခါးနှင့်ရေလှောင်တမံငယ်များ တည်ဆောက်ခြင်း၊ မြစ်ရေတင် စခန်းသစ်များ တည်ဆောက် ခြင်း စသည့် နှစ်တို(ကာလတို) ဆောင်ရွက်သင့်သည့်လုပ်ငန်းများ ကိုလည်းကောင်း ရှင်းလင်းတင်ပြ သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့က ကာလတို ကာလလတ် လုပ်ငန်းစဉ်များနှင့်အတူ တည်ဆောက် ထားရှိပြီးဖြစ်သည့် ရေလှောင်တမံများသို့ ရေကူ ဖြည့်တင်း ပေးနိုင်သည့်ရေကူ ရေလှောင်တမံများ တည်ဆောက်ခြင်းနှင့် ရေကူ၊ ရေသွယ် မြောင်းများ ဆောက်လုပ်ခြင်း၊ Dam Series များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နှစ်ရှည်ဆောင်ရွက်ရန် လိုအပ်သည့် ရေလှောင်တမံ စီမံကိန်းများ အတွက် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခြင်း၊ ဖြစ်နိုင်စွမ်းရှိသည့် ရေလှောင်တမံများ ကို စိစစ် ရွေးချယ်ပြီး ဆက်လက်   အကောင်အထည် ဖော်ဆောင်ရွက်ခြင်း စသည့် နှစ်ရှည် ဆောင်ရွက် ရန် လိုအပ်သည့် လုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တည်ဆောက်ပြီး တမံများ ၏ ဘေးကင်း လုံခြုံမှု လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။