မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေးလုပ်ငန်းစီမံချက် (Agricultural Extension Plan) ရေးဆွဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲ ညွှန်ကြားရေးမှူးများ ၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ၊ ခရိုင် နှင့် မြို့နယ်ဦးစီးမှူးများ၊ ခြံတာဝန်ခံများ၊ နည်းပညာပြန့်ပွားရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် က အမျာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအသီးသီးတို့၏ လယ်ယာကဏ္ဍဆိုင်ရာ ရည်မှန်းချက်များ၊ မူဝါဒများ၊ ပန်းတိုင်များ၊ လုပ်ငန်းတာဝန်များကို မိမိတို့ဝန်ထမ်းများ မျက်ခြေမပြတ် လေ့လာစေလျှက် လမ်းညွှန်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်သော ဝန်ထမ်း အဖွဲ့အစည်း အဖြစ် ရပ်တည်နိုင်စေရန် တာဝန်ရှိသူအဆင့်ဆင့်တို့က စီမံ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အလားတူ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတိုင်း ချမှတ်ဆောင်ရွက်ကြရမည့် စီမံခန့်ခွဲမှုဆိုင်ရာမဟာဗျူဟာဆိုင်ရာ အစီအမံများနှင့်အညီ လုပ်ငန်းစဉ်များကို ချမှတ်စီမံခြင်း၊ အကောင် အထည် ဖော်ခြင်းနှင့် သုံးသပ်ပြုပြင်ခြင်းများ စနစ်တကျဆောင်ရွက်နိုင်စေရေးကိုပါ ထည့်သွင်း ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အမျိုးမျိုးသော လယ်ယာကဏ္ဍဆိုင်ရာ ရည်မှန်းချက်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးမျိုးသော ပုံစံများဖြင့် စီမံဆောင်ရွက် ခြင်းထက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ကိုယ်စားပြုနိုင်သော စီမံချက်တစ်မျိုးကို သတ်မှတ် ရေးဆွဲ ဆောင်ရွက် နိုင်စေရန် လုပ်ငန်းညိှနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဌာနခွဲများ၏ လုပ်ငန်းရည်မှန်းချက်များကို စုစည်း၍ မြို့နယ်များတွင် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်နိုင်စေရန် ၊ မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေးလုပ်ငန်းစီမံချက် (Agricultural Extension Plan) ရေးဆွဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေတွင် စီမံချက်မူကြမ်းအား ချ ပြ ဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် (၈) မြို့နယ်တွင် မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေး လုပ်ငန်းစီမံချက် အား မူကြမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့်အညီ ရေးဆွဲ ပြုစုထားပြီး ဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ ခရိုင်အလိုက် စီမံချက်များကိုလည်း ပြုစုထားပြီးဖြစ်သည်။ ဆွေးနွေးပွဲတွင် နေပြည်တော် ကောင်စီနယ်မြေရှိ တပ်ကုန်း၊ လယ်ဝေး၊ ပျဉ်းမနား မြို့နယ်များ၏ စီမံချက် မူကြမ်းများအား သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
မြို့နယ်အလိုက် စိုက်ပျိုးပညာပေးရေးလုပ်ငန်းစီမံချက် (Agricultural Extension Plan) လုပ်ငန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ပန်းတိုင်များ၊ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ(Agriculture Development Strategy-ADS)ပါ ရည်မှန်း ဆောင်ရွက်ရန် လုပ်ငန်း စဉ်များ၊ တည်နေရာ၊ ဖွဲ့စည်းပုံ၊ လူဦးရေ၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေ၊ မိုးလေဝသ အခြေအနေ၊ လယ်ယာ ကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များ၊ လယ်ယာသုံးစက်ပစ္စည်းကိရိယာ ပိုင်ဆိုင်မှု၊ သွင်းအားစု အရောင်းဆိုင်များ စသည်တို့ပါဝင်သော ဒေသ၏ အခြေခံ အချက်အလက်များ၊ မြေယာအသုံးချမှု၊ စိုက်ပျိုးရေ ရရှိမှု၊ သီးနှံများ စိုက်ပျိုးထွက်ရှိမှု ၊ သီးနှံများ ရောင်းဝယ် ဖောက် ကားမှု ၊ စိုက်ဦးစီးဌာန ဝန်ထမ်းဖွဲ့စည်းမှုနှင့် ခန့်ထားမှု၊ ဝန်ထမ်းများ တာဝန်ချထားမှု စသည့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်များ၏ ဒေသအလိုက် လယ်ယာကဏ္ဍ ဆိုင်ရာ ထူးခြားချက်များနှင့် ဒေသတွင်း အစီအစဉ် အရ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ စိုက်ပျိုးဧရိယာ၊ စိုက်ပျိုးရေ၊ စိုက်ပျိုးမြေ၊ လူ့စွမ်းအား အရင်းအမြစ်၊ နည်းပညာဖြန့်ဝေမှု၊ စိုက်ပျိုးပညာပေးနည်းလမ်းများ၊ တောင်သူအစုအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်မှု၊ သီးနှံလုံခြုံစိတ်ချရမှု၊ သုတေသနလုပ်ငန်းများ၊ စသည် ဒေသတွင်း လယ်ယာကဏ္ဍ စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အားသာ ချက်၊ အားနည်းချက်များ၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအား SWOT Analysis ဖြင့် သုံးသပ်မှုအခြေအနေ စသည်တို့ပါဝင်သော စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်များ၊ ရေတို၊ ကာလလတ်၊ ရေရှည် ဆန်းစစ်ချက် များအရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဦးစားပေး အစီအစဉ်အလိုက် ရေးဆွဲချမှတ်ခြင်း၊စိုက်ပျိုးပညာပေးရေးလုပ်ငန်းနည်းလမ်းများအလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေပြီး ကြံ့ကြံ့ခံနိုင်မည့် စိုက်ပျိုးရေး အလေ့အကျင့်များ ပြောင်းလဲကျင့်သုံးဆောင်ရွက်နိုင်ရေး ပညာပေးလုပ်ငန်း အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။