သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်း ကို  Online စနစ်ဖြင့် ဖွင့်လှစ်

စိုက်ပျိုးရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်း ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနား ကို ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက  အွန်လိုင်း စနစ်ဖြင့်ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင် နှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ ၊ ဘာသာရပ် အလိုက် သင်တန်းဆရာ ဆရာမများ ၊ သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြ သည်။

အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချအဆိုပါသင်တန်း၏ သင်တန်းဖွင့်ပွဲတွင်  ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးသက်ဇင်မောင် ဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိ အခြေအနေ တွင် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများကို မိရိုးဖလာ တောင်သူများ သာမက နယ်ပယ်စုံ အလွှာစုံမှ စိတ်ဝင် တစား စီးပွားဖြစ် လုပ်ကိုင် ဆောင်ရွက်လာလျက် ရှိနေ ကြရာ နည်းပညာနှင့် အကူအညီများ ပံပိုးပေးနိုင်ရေးကို ဂရုပြုဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ၊ တစ်ဘက် တွင်လည်း ပြောင်းလဲ လာသော ရာသီဥတုနှင့် လိုက်လျော ညီထွေမှုရှိစေရေး၊ စားသုံးသူ ဘေးကင်းလုံခြုံရေး ၊ စျေးကွက် နှင့် ထုတ်လုပ်မှု ဟန်ချက်ညီ စေရေး စသည့် စိန်ခေါ်မှုများ အပေါ် ဖြတ်ကျော် ကြရမည်ဖြစ် ကြောင်း၊  သို့ဖြစ်ရာ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီး ကာလ နောက်ပိုင်း လုပ်ငန်းစဉ်များ အထိ စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တစ်လျောက်လုံးတွင် ခေတ်မီ နည်းပညာ များ နှင့် အညီ ထုတ်လုပ်နိုင်စေရန် ဦးဆောင်ဦးရွက်ပြုကြမည့် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်း တစ်ဦးချင်း စီ၏ အရည်အချင်းပြည့်ဝရေးသည် အထူးအရေးပါလာသည်ကို သတိပြု ကြရမည် ဖြစ်ကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။

သင်တန်းသို့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးဝန်ထမ်း( ၇၀ )ဦး တက် ရောက် ကြပြီး သင်တန်းတွင် ရိတ်သိမ်းခူးဆွတ်ချိန် မှ  ခူးဆွတ်ပြီးနောက်ပိုင်း၊ ကြားကာလ များ၌ ကြုံတွေ့နိုင်သည့် ပျက်စီးယိုယွင်းမှု ၊ လေလွင့်ဆုံးရှုံးမှုများ အနည်းဆုံး ဖြစ်စေရန် လျှော့ချ ပေးပြီး အစားအစာ ဘေးကင်း လုံခြုံရေး နှင့် အရည်အသွေး ပြည့်မီ သည့် အမြင့်ဆုံး တန်ဖိုး ရရှိစေ နိုင်မည့် နည်းပညာများပါဝင်သည့် ဘာသာရပ် (၁၀)ခုကို သင်တန်း ကာလ( ၃ )ရက် အတွင်း သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများက ပို့ချ ဆွေးနွေးသွားမည်ဖြစ်သည်။

ရာသီအလိုက် သီးနှံများမှာ ကာလတူ ထွက်ရှိလာသဖြင့် စျေးကွက် နှင့် စျေးနှုန်း များ၏ သက်ရောက်မှုကို စိုက်ပျိုးထုတ်လုပ်သူများ ရင်ဆိုင်နေကြရမှုကို လျှော့ချနိုင်ပြီး အရည် အသွေး ကောင်းသည့် တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ကြစေရန် ၊ GAP , Organic စသည့် ထောက်ခံချက်လက်မှတ်ရ ထုတ်ကုန်များကို ပြည်ပစျေးကွက်သို့ တင်ပို့  ရောင်းချနိုင်စေရန် ၊ GAP ကျင့်စဉ်ကို ကျင့်သုံးဆောင်ရွက်သည့် တောင်သူများ တိုးပွား ပေါ်ထွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နည်းပညာပေး သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာန က ဖွင့်လှစ်ပို့ချပေး လျက်ရှိရာ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ အောက်ရှိ ထုံးဘို ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်း ကျောင်း က ၂၀၁၅ခုနှစ်မှ စတင်၍  ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်း၊ GAP ၊ Organic စိုက်ပျိုးရေးနည်းပညာသင်တန်း၊ တန်ဘိုးမြှင့်ထုတ်ကုန် Value added ထုတ်လုပ်ရေး သင်တန်းများကို တောင်သူများ၊ သယ်ယူပို့ဆောင်သူများ၊ ဝန်ထမ်းများနှင့် စိုက်ပျိုးရေး သိပ္ပံ ကျောင်းများမှ ဆရာများအား သင်တန်းများဖွင့်လှစ်ပို့ချပေးခဲ့ရာ ယနေ့အထိ သင်တန်းအကြိမ်ရေပေါင်း (၁၃၈)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား(၄၃၇၃)ဦး အား နည်းပညာသင်တန်းများ ပို့ချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။