စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Project-AIIP) တွင် ပါဝင်အကောင်အထည်ဖော်ဆောင်မည့် စိုက်ပျိုးရေးဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက အွန်လိုင်း စနစ်ဖြင့်ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ ၊ စီမံကိန်းဒေသများမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီစိုက်ပျိုးပညာပေးနည်းလမ်းများ၊ မြေဆီလွှာ ဖွံ့ဖြိုး ရေး၊ သီးနှံပုံစံပြောင်းလဲရေး၊ ရေသွင်း စိုက်ပျိုးမှုဆိုင်ရာ အခြေခံအဆောက်အအုံနှင့် အထောက် အကူ ပစ္စည်းများ အသုံးပြု၍ ရွှေဘို ဧရိယာအတွင်းရှိ ကျေးလက်ဒေသများ၏ စိုက်ပျိုးရေး ဝင်ငွေ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ် ဆောင်ရွက်သော အဆိုပါစီမံကိန်းတွင် ပါဝင်အကောင်အထည်ဖော် ကြမည့် စိုက်ပျိုးရေးဝန်ထမ်းများ အတွက် ၅ ကြိမ်မြောက် ဖွင့်လှစ်ပို့ချပေးသည့် သင်တန်း ဖြစ်သည်။
စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Project-AIIP)ကို Japan နိုင်ငံ၏ (ODA- Loan) ချေးငွေ ဂျပန်ယန်း ၅၃၈.၄၃ သန်း (မြန်မာငွေ ကျပ် ၆၅၄၁.၉၀ သန်း) ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာ တွင် ၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၄-၂၀၁၂၅ ခုနှစ်ထိ၊ စီမံကိန်းကာလ (၇) နှစ်အတွင်း စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ နှင့် မျိုးစေ့ဌာနခွဲတို့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် သင်တန်းတွင် ထုတ်လုပ်မှုစွမ်းရည် (Production Efficiency) တိုးတက်ရေး ဆောင်ရွက်ရမည့် နည်းပညာပေး လုပ်ငန်းဆိုင်ရာများ၊ တန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှု ကွင်းဆက် (Value Chain)တလျှောက်ရှိ လုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်လုပ်သူ (တောင်သူ) များ ဝင်ငွေ တိုးတက်စေကာ ဝယ်ယူသုံးစွဲသူ (စားသုံးသူ) များအတွက် ဘေးအန္တရာယ် ကင်းရှင်း၍ အရည်အသွေးကောင်း ထုတ်ကုန်များရရှိစေရေး လုပ်ငန်းစဉ်ဆိုင်ရာ နည်းပညာများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပညာရှင်များက ပို့ချဆွေးနွေးသွားမည်ဖြစ်ကာ သင်တန်း၏ ပို့ချဆွေးနွေးချက်များကို စိုက်ပျိုးပညာပေး ဝန်ထမ်းများနှင့် “Value Chain” တလျှောက် ကဏ္ဍ အလိုက် ဆောင်ရွက်သူများ အားလုံး (တောင်သူနှင့်ပုဂ္ဂလိကအဖွဲ့ များ) အား နည်းပညာနှင့် သတင်း အချက်အလက်များ ဆက်လက်ဖြန့်ဖြူးနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။