ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခြင်း ဆောင်ရွက် ပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်းခံရမည်

              လယ်ယာမြေကို ခွင့်ပြုချက်မရမီ အခြားနည်းသုံးစွဲခွင့် ကြိုတင် ဆောင်ရွက် ခြင်း မရှိစေရေးနှင့် ခွင့်ပြုချက် မရရှိမီ အခြားနည်းသုံးစွဲခြင်း ကိစ္စရပ်များ လုံးဝ ရပ်တန့်သွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယနေ့ ပြည်သူ လူထု အကြား ရေပန်းစားနေသည့် လူမှု ကွန်ယက် မီဒီယာလောကတွင် လယ်ယာ မြေများကို အိမ်ရာခြံမြေအဖြစ် အကွက် ရိုက် ရောင်းချ မှု ကြော်ငြာများ ဖြင့် ဆောင်ရွက်နေသည်များကို တွေ့မြင်နေရပါကြောင်း၊ ယခုကဲ့သို့ လယ်ယာမြေများကို ခွင့်ပြုချက်မရှိပဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အဦများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်း တို့ကို ဆောင်ရွက်ပါက လယ်ယာမြေဥပဒေအရ အရေးယူခြင်း ခံရမည်ကို ပြည်သူလူထုအကြား သိရှိနားလည်စေရန်နှင့် ရောင်းမှား ဝယ်မှား မဖြစ်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ရန် လိုကြောင်း  ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အဖွဲ့ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

Covid-19 ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေး သို့ အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက် ကြပြီး အစည်းအဝေးတွင်  အတွင်းရေးမှူး လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြား တင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူ ခဲ့သည့် လယ်ယာမြေများအတွက်ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်ကိစ္စ၊ ရန်ကုန်တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လှည်းကူး မြို့နယ်အတွင်း စက်မှု ဥယျာဉ် မြို့တော် စီမံကိန်း ဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ တင်ပြလာခြင်းကိစ္စ၊ ဌာနဆိုင်ရာ၊ သာသနာရေး ဆိုင်ရာနှင့် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေးတို့အတွက် အခြားနည်း သုံးစွဲခွင့် လျှောက်ထားလာမှု ကိစ္စရပ်များ၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ပြန်လည် စိစစ်တင်ပြလာသော ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေ အဖြစ် သတ်မှတ် ပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များအား ဆွေးနွေးဆောင်ရွက် ကြသည်။

          ၎င်းအပြင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် များအရ ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုထားသည့်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်ရန် အဆိုပြုတင်ပြလာသော လုပ်ငန်းကိစ္စရပ်များ၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အခြားနည်း အသုံးပြုခွင့် လုပ်ငန်း စာတွဲများနှင့် ပတ်သက် သည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ခံချက်များဖြင့် ပြီးပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) အရ လယ်ယာ မြေ အခြားနည်း သုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ ယခင်အစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ် ပေးရန် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေ အခြားနည်းသုံးစွဲ ခွင့်ပြုပါရန် စိစစ်တင်ပြ လာသည့် လုပ်ငန်းစာတွဲများကို တည်ဆဲ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပါ ပြဋ္ဌာန်းချက်များ ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှန်ကန်မှု ရှိ မရှိ စိစစ်ပြီး ခွင့်ပြုခြင်းနှင့်  အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။