သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး ၊ ပျဉ်းမနား သကြား စက်ရုံ ဆက်လက် လည်ပတ်သွားမည်

ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက Virtual Meeting စနစ်ဖြင့် ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ယုဇနကုမ္ပဏီ လီမိတက် ဥက္ကဌ ဦးဌေးမြင့် နှင့်တာဝန်ရှိသူများ၊ ကြံသကြားစက်လုပ်ငန်းရှင်များ တက်ရောက် ကြပြီး မြန်မာနိုင်ငံ၏ ကြံသကြားထုတ်လုပ်မှုအရှိန်အဟုန် လျော့ကျမသွားစေရေး၊ ကြံစိုက် တောင်သူများ နှင့် ကြံသကြားစက်လုပ်ငန်းရှင်များ အတွက် သင့်တင့်သော အကျိုးအမြတ် ဖြစ်ထွန်း စေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ စိုက်ပျိုးရေးဦးစီးဌာန က လိုအပ်သည့် နည်းပညာ အကူအညီများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် Covid-19 ကာလ ရင်ဆိုင်ဖြတ်ကျော်ရသည့် ကြံစိုက်ပျိုးထုတ်လုပ်မှု၊ သယ်ယူကြိတ်ခွဲလုပ်ငန်း၊ သကြားထုတ်လုပ်မှုအခြေအနေများနှင့် ပြည်တွင်း ပြည်ပြ သကြား စျေးကွက် အခြေအနေများကိုလည်းကောင်း ၊ ကြံစိုက်ပျိုးစရိတ် သွင်းအားစု နှင့် ခုတ်သိမ်း သယ် ယူပို့ဆောင်ရေး စသည့် ကြံတောင်သူ၏ ထုတ်လုပ်စရိတ် နှင့် အကျိုးအမြတ်ဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ သကြားစက်ရုံ စက်စွမ်းအားမြှင့်တင်ခြင်း၊ Refined Sugar ထုတ်လုပ်ခြင်းနှင့် ကြံသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Master Plan ရေးဆွဲရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲရလဒ်များအဖြစ် လာမည့်ကြံစိုက်ရာသီတွင် သကြားစက်နှင့် ကြံစိုက် တောင်သူများ အကြား Contract Farming စနစ်ဖြင့် ကြံသီးနှံ တိုးချဲ့စိုက်ပျိုးရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယုဇနကုမ္ပဏီလီမိတက် က လာမည့်နှစ် ကြံရာသီများတွင် ပျဉ်းမနား သကြား စက်ရုံအား ဆက်လက် လည်ပတ်သွားမည်ဖြစ်၍ ဒေသနေကြံတောင်သူများ အနေဖြင့် ကြံ သီးနှံကို ဆက်လက်စိုက်ပျိုးသွားနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာန က ကြံမျိုးနှင့် နည်းပညာအပါအဝင် လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။