သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မှိုသီးနှံမြန်မာ GAP Guideline ရေးဆွဲရေး နှင့် စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းညှိနှိုင်း

မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက Virtual Meeting ဖြင့် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနအသီးသီး မှ ညွှန်ကြားရေးမှူးများ၊ မြန်မာ GAP ရေးဆွဲရေး ကော်မတီဝင်များ၊ နယ်ပယ်အသီးသီးမှ မှိုပညာရှင်များ၊ မြန်မာနိုင်ငံ မှိုမွေးမြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ နေပြည်တော် ၊ တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးမှ မှိုစိုက်တောင်သူများ၊ စိတ်ပါဝင်စားသူ အစုအဖွဲ့များက Zoom Application အသုံးပြု၍ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာမှိုသီးနှံ GAP Guideline အတည်ပြုရန် ၊ ပြည်တွင်းမှိုမျိုး ထုတ်လုပ်မှုနှင့်ပတ်သက်၍ မှိုမျိုးထုတ်လုပ်မှုလိုင်စင်များ၊ ပြည်ပမှိုမျိုး တင်သွင်းမှုနှင့် ပတ်သက် ၍ မှိုမျိုးတင်သွင်းခွင့်လိုင်စင်များ ပြုလုပ်ရေးတို့ကို မျိုးစေ့ဥပဒေနှင့်အညီ စည်းကြပ်ရန်၊ မှိုထွက် ကုန် များနှင့်ပတ်သက်၍ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဆောင်ရွက်ရန်နှင့် မှိုစိုက်ပျိုး ထုတ်လုပ် မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးမှိုများသည် စားသုံးရာတွင် သဘာဝမှိုများနှင့်နှိုင်းယှဉ်ပါက အဆိပ်အတောက်ဖြစ် စေမှု ရာခိုင်နှုန်းနည်းပါးပြီး အချိန်တိုအတွင်း၊ နေရာကျဉ်းကျဉ်း တွင် စရိတ်သက်သာစွာဖြင့် ပုံမှန်ဝင်ငွေ ရရှိစေနိုင်သော တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဖြစ်သောကြောင့် မှိုစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအပေါ် စိတ်ဝင်စားမှုတိုးတက်များပြားလာလျက်ရှိနေကြောင်း၊ မှိုတစ်ပိုင်တစ်နိုင် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးလာခြင်း နှင့်အတူ စိုက်ပျိုးမှိုစားသုံးမှု အလေ့အထများ တိုးပွားလာခြင်း၊ စားသောက်ဆိုင်များနှင့် Hotel များတွင် မှိုပါဝင်သည့် ဟင်းလျာများ စားသုံးမှု တစ်နေ့တစ်ခြား များပြားလာခြင်းတို့ကြောင့် စိုက်ပျိုးမှိုများနှင့် ပတ်သက်၍ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရေးနှင့်မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ကဏ္ဍအသီးသီး တွင် ထိခိုက်မှုလျော့နည်းစေရေးအတွက်ရည်ရွယ်၍ မှိုသီးနှံ မြန်မာ GAP Guideline ရေးဆွဲရေးနှင့် စိုက်ပျိုးမှုဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မှိုစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင် လျက်ရှိကြရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ သံလျင်၊ ကျောက်တန်း၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံတေး မြို့နယ်များ တွင် မှိုစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ကြောင်း၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ် များ ၌ မှိုမျိုးထုတ်လုပ်မှုလုပ်ငန်း အဓိကလုပ်ဆောင်နေသူ တောင်သူ အစုအဖွဲ့များ ပေါ်ထွက် နေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မှိုတောင်သူ အစုအဖွဲ့ ဖွဲ့စည်းရန် ကျန်ရှိ သေးသော မကွေး၊ တနင်္လာရီ ကချင်၊ ကယား၊ ချင်း၊ ရခိုင် စသော တိုင်းဒေသကြီး/ ပြည်နယ် များ တွင်လည်း မှိုတောင်သူ အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ မှိုတန်ဘိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန က မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မှိုကိုအခြေခံသော တန်ဘိုးမြှင့် ထုတ်ကုန် များ (Mushroom Canning , Mushroom Powder, Mushroom Snacks,   Mushroom Candy, Dried Mushroom ) ထုတ်လုပ်သည့် နည်းပညာများ ရရှိရေး၊ ပြန်လည်ဖြန့်ဖြူးရေးတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။