အမျိုးသား အပင်မျိုးသစ် အကာအကွယ် ပေးရေး ဆိုင်ရာ ဗဟိုကော်မတီ ၏ ဒုတိယ အကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် ဗဟိုကော်မတီ ဒုတိယဥက္ကဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။
ယနေ့အစည်းအဝေးတွင် အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေ ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် ကော်မတီ၏ ရှေ့ဆက် လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ နှင့် လျှောက်ထားသည့် အပင်မျိုးသစ်များအနက် နည်းပညာကော်မတီမှ စစ်ဆေးထားသည့် အပင်မျိုးသစ် အချို့ကို အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးအတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ တွဲဘက်အတွင်းရေးမှူး ဒေါက်တာပပဝင်း က မျိုးစေ့ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုကိုအထောက်အကူဖြစ်စေမည့် မျိုးစေ့လုပ်ငန်းလိုင်စင် မော်ဒယ်အသစ်နှင့် ပတ်သက်၍ လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြသည်။
အပင်မျိုးသစ်မွေးမြူသူ၏ ရပိုင်ခွင့်အခွင့်အရေးများကို အကာအကွယ်ပေးရန်၊ အပင်မျိုးသစ် မွေးမြူခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အပင်မျိုးသစ်မွေးမြူခြင်း လုပ်ငန်းတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ပိုမို တိုးတက်လာစေရန် ၊ အပင်မျိုးသစ်များ မွေးမြူ ရရှိလာပြီး စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန် တို့ကိုရည်ရွယ်၍ အပင်မျိုးသစ် အကာအကွယ်ပေးရေးဥပဒေ ကို ၂၀၁၆ခုနှစ် တွင် ပြဌာန်းခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေး အဖွဲ့ကြီး (UPOV) က ပြဋ္ဌာန်း ထား သည့် ၁၉၉၁ ဥပဒေ သတ် မှတ်ချက်များနှင့် ကိုက်ညီရန် ဥပဒေ ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၂၄ ရက် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်-၂၉ ဖြင့် အသစ်ပြဋ္ဌာန်းနိုင်ခဲ့သည်။ အပင်မျိုးသစ် အကာအကွယ် ပေးရေးဥပဒေ အသစ်ကို ၁-၁၁-၂၀၁၉နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို့၌ ကျင်းပသည့် (UPOV)ကွန်ဗန်းရှင်း ၏ ၅၃ ကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ တင်ပြခဲ့ရာ (UPOV)မှ positive decision ရရှိခဲ့ပြီးဖြစ်သည်။
၂၀၁၇ခုနှစ်၌ စတင်အသက်ဝင်ခဲ့သဖြင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေပါ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကအကျသည့် အမျိုးသား အပင် မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီကို ၂၀၁၈ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ရက်စွဲဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ အမိန့်ကြော်ငြာ အမှတ် ၄၆/၂၀၁၈ အရ ဖွဲ့စည်းခဲ့ကာ ဥပဒေအကောင်အထည်ဖေါ်ရန် လိုအပ်သည့် နည်းပညာ ကော်မတီ ဖွဲ့စည်းရန် အမိန့်နှင့် ညွှန်ကြားချက်များကို ဆက်လက် ထုတ်ပြန်ခဲ့ပြီး စဉ်ဆက်မပြတ် လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုအခါ အပင်မျိုး မွေးမြူသူများက ၎င်းတို့မွေးမြူ ထုတ်လုပ် ထား သော အပင် မျိုးသစ်များကို အပင်မျိုးသစ် အကာအကွယ် ပေးရေးဥပဒေအောက်တွင် ကာကွယ်ခွင့်ယူရန် သီးနှံမျိုးစုံ အပင်မျိုးသစ် (၁၇)မျိုးလျှောက်ထားလာမှုအပေါ် (၄)မျိုးကို အသိအမှတ်ပြု လက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ကျန်လျှောက်လွှာများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။