ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ (၃၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီ ဥက္ကဌ၊စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့် အမှာစကား ပြောကြားရာတွင် နိုင်ငံတော် အတွင်းရှိ မြေလွတ်၊ မြေရိုင်းများမှ သစ်တော ဖုံးလွှမ်းမှု အားကောင်းသော ဒေသများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတော်၏ သယံဇာတနှင့် ရာသီဥတု ထိန်းကျောင်း နိုင်ရေး ကိစ္စများအတွက် သစ်တောကြိုးဝိုင်းများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင် လည်း သစ်တောနယ်မြေအဖြစ် သတ်မှတ်ရန် မသင့်တော်တော့သည့် ဒေသများတွင် လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ် များကို အကျိုးရှိရှိ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံ ဖြစ်သည်နှင့် အညီ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များကို စိုက်ပျိုးမြေအဖြစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးနိုင်ရေးသည် အထူးအရေးပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားရယူပြီး စိုက်ပျိုးလုပ်ကိုင်ရာတွင်လည်း ဖော်ထုတ် စိုက်ပျိုးမှု တည်ငြိမ်လာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇)အား ထုတ်ပေး နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့မှသာ စိုက်ပျိုးရေးလုပ်ကိုင် သူများ အနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံမှုအပေါ် သားစဉ်မြေးဆက် ရေရှည်ပိုင်ဆိုင်ခွင့်များ ရရှိသွားမှာ ဖြစ်ကြောင်းနှင့် မြေခွန်တော်များ ကြွေးကျန်မရှိစေရေး ကြိုးပမ်းကောက်ခံသွားကြရန် လိုအပ်ပါ ကြောင်းဖြင့် ပြောကြားသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန်ခွဲရေးဗဟိုကော်မတီ အစည်းအဝေး သို့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် သက်ဆိုင်ရာ ဌာနများမှ ဗဟိုကော်မတီဝင်များ စုံညီစွာပါဝင်တက်ရောက်ကြပြီး၊ အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြ သူများက အကြောင်းအရာ တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။


ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ (၃၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ယခုအစိုးရကာလ သက်ဆိုင်ရာ ဝန်ကြီးဌာန များ က သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အကြံပြုချက်အရ ရရှိထိုက်သော မြေခွန်တော်များ ကောက်ခံနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်သော ခွင့်ပြုလုပ်ငန်းအလိုက် မြေခွန် ကင်းလွတ်ခွင့် ကာလနှင့် မြေခွန်နှုန်းထားတို့အတွက် သဘောထား ပြန်ကြားလာခြင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြန်မာ့စီးပွားရေး ဘဏ်သို့ မြေခွန်ပေးသွင်းလာမှု အခြေအနေများကိစ္စ၊ နေပြည်တော် နှင့် ရှမ်းပြည်နယ် တို့မှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအား ပြင်ဆင်ဖွဲ့စည်းပေးပါရန် သက်ဆိုင် ရာ စီမံခန့်ခွဲရေးကော်မတီများ၏ တင်ပြချက်များနှင့်ပတ်သက်၍လည်းကောင်း၊ ယခင်ဗဟိုအဖွဲ့မှ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုထားခြင်းအား ပယ်ဖျက်ပေးနိုင်ပါရန် ပြည်နယ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ၏ တင်ပြလာခြင်း၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း၊ ဒီရေတော ကြိုးပြင် ကာကွယ်တော သတ်မှတ် ဖွဲ့စည်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် အထူးအဖွဲ့ အမည်စာရင်း အဆိုပြုတင်ပြ လာသည့် ကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ပုဒ်မ ၁၂ အပိုဒ်ခွဲ က အပိုဒ်ခွဲငယ် ၂ နှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံး ပြုခွင့် လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာတင်သွင်းခြင်း အား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ ကိစ္စရပ် နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။