ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ

မိမိတို့ ကော်မတီ၏ အဓိကတာဝန်များအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း ၊ နှစ်စဉ် ၊ နှစ်တို ၊ နှစ်ရှည် စီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်မှုများအား ကြီးကြပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ ကြီးကြပ်မှုကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီများ ရယူနိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးခြင်း၊ လိုအပ်သည့် ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပြည့်စုံပါဝင်လျက် စုပေါင်းအားဖြင့် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ လ (၁၆)ရက်နေ့ နံနက်(၁၀)နာရီချိန် က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ပြည်ထောင်စုလွှတ်တော်မှ (၂၇-၁၂-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဗဟို ကြီးကြပ်မှု ကော်မတီကို ပြည်ထာင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့သည့်အတွက် ကော်မတီဝင်များ မှ ကော်မတီ၏ လုပ်ငန်းတာဝန်များအား စတင်လည်ပတ် ချိတ်ဆက်ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဝန်ကြီးဌာန(၁၁)ခုမှ ကော်မတီဝင်များ နှင့် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာကုန် ထုတ်လုပ်မှုစနစ် ထွန်းကားစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန် ရည်မှန်း၍ အမယ်စုံ လယ်ယာ၊ သားငါးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ငွေကြေး အရင်းအနှီးနှင့် သွင်းအားစုများ တိုးပွား ရရှိစေရေး၊ နည်းပညာပြန့်ပွားရေးနှင့် ဈေးကွက် ချိတ်ဆက် ရေး ကိစ္စရပ်များ၊ ကျေးလက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု လုပ်ငန်းများ၊ ကျေးလက်ပြည်သူများ စွမ်းဆောင်ရည် မြင့်မားရေး ကိစ္စရပ်များကို အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးနှင့်စပ်လျဉ်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းများကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က အဓိကတာဝန်ယူ ဆောင်ရွက်သွားမှာဖြစ်သော်လည်း ကော်မတီဝင်များ အနေဖြင့် မူဝါဒပိုင်းဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေးအပိုင်းများတွင် အကြံဉာဏ် များပေးခြင်း၊ ရန်ပုံငွေ လျာထားမှုနှင့် အကောင်အထည်ဖော်မှုအပိုင်းများတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်း လုပ်ငန်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရပ်ရွာအခြေပြု၊ ပြည်သူ ဗဟိုပြု ဆောင်ရွက်ရ သည့်အပြင် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာ အောင် ဆောင်ရွက်ပေးရခြင်းဖြစ်သည့်အတွက် အလွန်ကျယ်ပြန့် နက်ရှိုင်းပါကြောင်း၊ သို့ပါ၍ ကော်မတီဝင် သက်ဆိုင်ရာဌာနများ၊ ပညာရှင်များ၏ အကြံဉာဏ်များ နှင့် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းများ ထိရောက် အောင်မြင်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းများ တွင် ပါဝင်သည့် ပညာရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်း ကျောင်း ဖွံ့ဖြိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုကဏ္ဍ၊ စီမံကိန်းရေးဆွဲရေးနှင့် ပြည်တွင်းပြည်ပ အထောက်အပံ့ အကူအညီ ရရှိရေးကိစ္စရပ်များ၊ မြေယာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများနှင့် စျေးကွက်ချိတ်ဆက်ရေး ကဏ္ဍများ၌ ကော်မတီဝင် သက်ဆိုင်ရာ ဌာနများနှင့် နှီးနွယ် ချိတ်ဆက်ရသည့် အပိုင်းများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြရာ ကော်မတီ ဥက္ကဌ ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေး ခဲ့ကြသည်။ အထူးသဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်း များ သည် ကဏ္ဍပေါင်းစုံ ချိတ်ဆက် ဆောင်ရွက်ရသည့်အတွက် အားလုံး ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် ရမည့် အပိုင်းများ၊ ကော်မတီဝင် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ ကွပ်ကဲမှု အောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရုံးများသို့လည်း ပေါင်းစပ် ညှိနှိုင်းမှု အားကောင်းစေရန် ထပ်ဆင့်လမ်းညွှန် မှာကြားပေးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၏ ရန်ပုံငွေများ ပိုမိုခွဲဝေရရှိရေးအတွက် ညှိနှိုင်းပေါင်းစပ်ရမည့် ကိစ္စရပ်များ အပေါ် ဖြည့်စွက် ဆွေးနွေးခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေ ၏ ရည်ရွယ်ချက်များဖြစ်သည့် “ကျေးလက် ပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက် လူမှုစီးပွား ကွာဟ ချက်များ ကျဉ်းမြောင်းလာစေရေး၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး၊ ကျေးလက်ပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်စေရေးနှင့် ဘေးအန္တရာယ် ကျရောက် ပါက တုံ့ပြန် ကာကွယ်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာ စေရေး၊ ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အားပေးမြှင့်တင်ရေး၊ ကျေးလက် ပြည်သူများ ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အိမ်တွင်းလေထုညစ်ညမ်းမှု ကာကွယ်ရေး” တို့အား ထိရောက် အောင်မြင်စေရေးအတွက် ပေါင်းစပ် ညှိနှိုင်းမှုများ ပိုမိုခိုင်မာ အားကောင်းလာစေရန် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီကို ဥပဒေနှင့်အညီ ပြည်ထောင်စု အစိုးရ အဖွဲ့ က (၁.၆.၂၀၂၀)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၄၀/ ၂၀၂၀) ဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှီးနွယ်ဆက်စပ်သည့် ဝန်ကြီးဌာန(၁၁)ခုမှ တာဝန် ရှိ သူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များပါဝင်၍ စုစုပေါင်း ကော်မတီဝင် (၂၂)ဦး ဖြင့် ဖွဲ့စည်းထားကြောင်းသတင်းရရှိ သည်။