ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ   မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu နှင့်တွေ့ဆုံ ဆွေးနွေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. Riikka Laatu ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ Under Secretary and External Economic Relations ဦးဆောင်သော စီးပွားရေးလုပ်ငန်း ရှင်များအဖွဲ့ လာရောက်မည့်ခရီးစဉ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက် ရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးကြသည်။

ဖင်လန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အဓိက ကူညီပေးလျှက်ရှိပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖြစ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သောနေရောင်ခြည်သုံးစွမ်းအင် ၊ ဇီဝဒြပ်ထုစွမ်းအင် ၊ စွန့်ပစ်ပစ္စည်း မှ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ထည့်သွင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။