ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအချို့တွင် စိုက်ပျိုးရာသီချိန်၌ ဖြစ်ပေါ်လျက်ရှိသော ရေကြီးရေလွှမ်းမှုကြောင့် တောင်သူလယ်သမား အများစု၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် နှင့် ထိရောက်သော ကူညီ ပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကရင်ပြည်နယ် မွန်ပြည်နယ် နှင့် မြန်မာနိုင်ငံဒေသအချို့တွင် စိုက်ပျိုးရာသီချိန်၌ ဖြစ်ပေါ်လျက်ရှိသော ရေကြီး ရေလွှမ်းမှုများကြောင့် စိုက်ခင်းများ၊ လူနေအိမ်ခြေများ ထိခိုက်ပျက်စီးမှု ကြုံတွေ့ရလျက်ရှိရာ ဒေသနေပြည်သူများ၏ လတ်တလော စားနပ်ရိက္ခာဖူလုံစေရေး အတွက် အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်၍ Tier-3 အစီအစဉ်အရ ဂျပန် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းထောက်ပံ့ သည့် အရေးပေါ်အရန်ဆန်များ ဖြန့်ဝေ ပေးနိုင်ရေး၊ စိုက်ပျိုးရာသီချိန်မီ ထွန်ယက်ရေး၊ မျိုးစေ့ ပျိုးပင်များအချိန်မီဖြန့်ဝေပေးရေး၊ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင် သည့် ပိုးမွှားရောဂါ ဆိုင်ရာကာကွယ်နှိမ်နင်းရေး နှင့် မြေဆီလွှာ ထိန်းသိမ်းမှုလုပ်ငန်းများ ကို စနစ်တကျ ထိရောက်စွာ စီမံဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့် အစည်းအဝေးတက်ရောက်လာကြသူများက စိုက်ကွင်းများ၌ လိုအပ်သော ကောက်ကွက်ဖာခြင်း၊ အသစ်ပြန်လည်စိုက်ပျိုးခြင်းများ အချိန်မီဆောင်ရွက်နိုင်ရေး အတွက် မျိုးစေ့ ပျိုးပင်ဖြန့်ဖြူးခြင်း ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ နှင့် ကောက်စိုက်စက် အသုံးပြုနိုင်ရေး၊ တောင်သူများ၏ လိုအပ်ချက်အပေါ် ဖြည့်ဆည်းကူညီပေးနိုင်ရေး တို့အတွက် ဒေသအစိုးရအဖွဲ့တာဝန်ရှိသူများ နှင့် ဦးစီးဌာနများအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကရင်ပြည်နယ် မွန်ပြည်နယ် နှင့် ရေကြီး ရေလွှမ်းမှုဒဏ်ထိခိုက်ခံခဲ့ရသည့် ဒေသနေပြည်သူများအတွက် အစားအစာများ၊ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာအထောက်အပံ့များဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန် ဆေးဝါးများ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ် ဆေးများ နှင့် မွေးမြူကုသရေးဆိုင်ရာ ကျွမ်းကျင်သူများ တာဝန်ချ စေလွှတ်ခြင်း၊ မိသားစု အသုံးအဆောင် Family kit ပစ္စည်းဖြန့်ဝေပေးခြင်း၊ ကျေးလက်သောက်သုံးရေတွင်း ရေကန်များ ပြန်လည်အသုံးပြုနိုင်ရေး နှင့် ပြန်လည်ထူထောင်ရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။