နယ်သတင်းများ သတင်းကဏ္ဍ

နာဂဒေသအတွင်းရှိ တိုင်းရင်းသားညီကိုမောင်နှမများအတွက် ဝင်ငွေရစက်မှုကုန်ကြမ်းသီးနှံ (ဝဥ၊ ပီလောပီနံ၊ ကော်ဖီ) စိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်လှစ်

နာဂဒေသအတွင်းရှိ တိုင်းရင်းသားညီကိုမောင်နှမများအတွက် စိုက်ပျိုးရေးကိုအခြေခံသော တစ်ပိုင်တစ်နိုင် နှင့် စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ဝင်ငွေရ စက်မှုကုန်ကြမ်းသီးနှံ ဝဥ၊ ပီလောပီနံ၊ ကော်ဖီသီးနှံ စိုက်ပျိုးထုတ်လုပ်နည်းသင်တန်းကို မတ်လ ၁၁ ရက်နေ့က ခန္တီးခရိုင်ရုံး ၌ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား(၆၀)ဦး ၊ နာဂတောင်သူလယ်သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့အစည်းသမဂ္ဂမှ (၂၀) ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြသည်။

စိုက်ပျိုးရေးဦးစီးဌာန ၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ ကျွမ်းကျင်စွာတတ်မြောက် အသုံးချနိုင်ရေးအတွက် စိုက်ပျိုးရေးပညာရှင်များက မတ်လ ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့များတွင် သဘောတရားရေးရာပိုင်းနှင့် နည်းပညာရပ် ဆိုင်ရာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း က တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ခန္တီးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်နန်းအမ်းတော် က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် က ဒေသနေပြည်သူများ စိုက်ပျိုးရန် ကော်ဖီမျိုးစေ့များ နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး က ပီလောပီနံမျိုးကိုင်းများ ကို ပေးအပ်ရာ ဟုမ္မလင်း မြို့နယ်၊ ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်း မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။