စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ဒေသနေ ပြည်သူများ၏ တောင်းဆိုမှု၊ ဆက်စပ် ဌာနများ၏ ပူးပေါင်းမှုတို့ဖြင့် နိုင်ငံတစ်ဝှမ်းရှိ ကျေးလက်နေပြည်သူများ အား စိုက်ပျိုးရေး ကို အခြေခံ သည့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးနိုင်ရေး၊ ဝင်ငွေ တိုးပွားရေး လုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက် နိုင်ကြစေရန် နှင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်သည့် လုပ်ငန်း ရှင်များ ပေါ်ပေါက်လာစေရန် နည်းပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက် လျက်ရှိရာ မတ်လ ၁၂ ရက် နံနက်ပိုင်း က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ဝဥ ၊ မှို နှင့် ကော်ဖီ သီးနှံများစိုက်ပျိုး ထုတ်လုပ်မှု နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ သို့ ကချင်ပြည်နယ်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်း ၊ ပြည်နယ် / ခရိုင် / မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် မှို၊ ကော်ဖီ၊ ဝဥ စိုက်ပျိုးရေး စိတ်ပါဝင်စားသူများ နှင့် လက်တွေ့ စိုက်ပျိုး လုပ်ကိုင် နေသူများ တက်ရောက် ကြပြီး ပြည်နယ်ဝန်ကြီးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
သင်တန်းသားများအဖြစ် ဝန်ထမ်း(၅၂)ဦးနှင့် တောင်သူ (၈၉)ဦး စုစုပေါင်း သင်တန်းသား (၁၄၁)ဦး တက်ရောက်ပြီး ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ပညာရှင်(၄)ဦးတို့က မတ်လ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့ထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။