ကျေးလက်ကဏ္ဍ

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာအရောက်ထောက်ပံ့ပေးလျက်ရှိ

မြန်မာနိုင်ငံတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပြည်နယ်/တိုင်းဒေသကြီး ၁၄ ခုနှင့် ပြည်နယ်ခွဲနှစ်ခု၊ ခရိုင် ၇၆ ခု၊ မြို့နယ် ၃၃၀ နှင့် ကျေးရွာပေါင်း ၆၃၂၆၄ ရွာရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ဒသမ ၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများဖြစ်ပါသည်။

ကျေးလက် လူဦးရေ၏ ၃၀ ဒသမ ၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေ၍ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်းကို လျှော့ချနိုင်စေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄− ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်ကာ ပြည်ထောင်စု နယ်မြေ(နေပြည်တော်)၊ ပြည်နယ်/တိုင်း ဒေသကြီး ၁၄ ခုရှိ မြို့နယ် ၂၈၉ မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အထိ ကျေးရွာစုစုပေါင်း ၁၁၆၆၅ ရွာတွင် ၉၅၅၇ ယူနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အချိန်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရပ်နားထားပြီး ရောင်းဝယ်ဖောက်ကားမှု နှောင့်နှေးခြင်း၊ ဝင်ငွေလျော့နည်းပြီး ဝင်ငွေနှင့်ထွက်ငွေ မမျှတခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများအား ဝင်ငွေနည်း နေချိန်တွင် ထွက်ငွေဘက်မှ တစ်ဖက် တစ်လမ်းမှ သက်သာသွားစေဖို့ ကူညီ ထောက်ပံ့ပေးရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာများ တွင် ချေးငွေအတွက် ငွေကျပ် ၁၀၀ တွင် တစ်လလျှင် အတိုးနှုန်းကို ပြား ၅၀ ဖြင့် တစ်ပြေးညီ သတ်မှတ်ပေးခဲ့ပါသည်။ လက်ရှိ သတ်မှတ်သည့် အတိုးနှုန်းကို တစ်နှစ်တိတိ လျှော့ပေါ့ပေးခြင်း ဖြစ်ပါသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ ထုတ်ချေးမှုအား အတိုးနှုန်း ပြား ၅၀ နှုန်းဖြင့် ဧပြီလကုန်မှစ၍ စတင်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ချေးငွေထုတ်ချေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။ ရန်ပုံငွေများ ပြန်လည်ထုတ်ချေးရာတွင် လေဝင်လေထွက် ကောင်းသောနေရာများ (ဓမ္မာရုံ၊ ဇရပ်၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ ကျေးရွာခန်းမ စသည့်နေရာများ)တွင် Social Distancing လူတစ်ဦးနှင့်တစ်ဦး နှစ်မီတာ(၆ ပေ)အကွာတွင် နေထိုင်စေခြင်း၊ နှာခေါင်းစည်း၊ လက်အိတ်များဝတ်ဆင်စေခြင်း၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာသည့်စက်(Non touch thermometer) ဖြင့် ကိုယ်အပူချိန် တိုင်းတာခြင်းတို့ လုပ်ဆောင်စေ၍ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီ က ကျေးရွာသူ ကျေးရွာသား (အသင်းသားများ)အား အများဆုံး ငါးဦးလျှင် တစ်စုနှုန်းဖြင့် အမည်စာရင်းပြုစုပြီး တုံကင်စနစ်ဖြင့် အုပ်စု များခွဲ၍ ထုတ်ချေးခြင်း၊ ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက ကျေးရွာသူ ကျေးရွာသားများနေထိုင်သည့် နေအိမ်များသို့ အိမ်အရောက်ထုတ်ချေးခြင်း တို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို့ ထုတ်ချေးပေးခဲ့သည့်အတွက် ကျေးရွာသူ ကျေးရွာသားများ၏ ဝမ်းသာပီတိ စကားသံ များကို ဖော်ပြလိုက်ပါသည် –

ချင်းပြည်နယ် မင်းတပ်မြို့နယ် လှေး ကောင်း မြစိမ်းရောင်ကျေးရွာနေ ဦးဂေထန်က “ကျွန်တော်က တစ်နိုင်တစ်ပိုင် (ဝဥ) စိုက်ပျိုး တဲ့ လုပ်ငန်းနဲ့ နှစ်ရှည်သီးနှံတွေကို စိုက်ပျိုး လုပ်ကိုင်ပါတယ်။ အခု ကိုဗစ်-၁၉ ကာလ အတွင်း အသွားအလာကန့်သတ်ထားတဲ့ အတွက် ဝင်ငွေမရှိ ထွက်ငွေသာရှိတဲ့အတွက် မိသားစုစီးပွားရေး အဆင်မပြေခဲ့ပါဘူး။ သီးနှံ စိုက်ပျိုးဖို့ မျိုးစေ့တွေကလည်း မဝယ်နိုင်ဖြစ် ခဲ့ရပါတယ်။ ကျေးလက်ဦးစီးဌာနက မြစိမ်း ရောင်ချေးငွေကို ကျွန်တော်တို့ကျေးရွာ အရောက် ချေးငွေထုတ်ချေးပေးပါတယ်။ အတိုးနှုန်း ပြား ၅၀ ဆိုတော့ အတိုးနှုန်း သက်သာတဲ့အတွက် ကျွန်တော်တို့မိသားစု ချေးငွေပြန်ဆပ်ဖို့အတွက် အခက်အခဲမရှိပါဘူး။ ကျေးရွာသူ ရွာသားတွေလည်း အများကြီး ပီတိဖြစ်ရပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ ကျေးရွာမြစိမ်းရောင် ကော်မတီဝင်တွေကို အထူးပဲကျေးဇူးတင်မိ ပါတယ်”။

ရှမ်းပြည်နယ် လားရှိုးမြို့နယ် အီနိုင်း ကျေးရွာအုပ်စု တာရွှေထန်မြစိမ်းရောင် ကျေးရွာမှ ဒေါ်ဆိုင်စမ်က “ကျွန်မက ပြောင်း စိုက်ပျိုးပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အရောင်း အဝယ်တွေလည်း မကောင်းဘူး။ လမ်းတွေ ပိတ်ထားလို့ ဘယ်ကိုမှလည်း ကူးသန်းရောင်း ဝယ်လို့မရဖြစ်နေတာပါ။ စိုက်ပျိုးထားတဲ့ သီးနှံတွေက ရောင်းမထွက်တော့ ဝင်ငွေမရှိ တာနဲ့ အခက်အခဲကြုံနေပါတယ်။ အဲဒါ ကျေးလက်ဦးစီးဌာနက မြစိမ်းရောင်ချေးငွေကို ပြား ၅၀ အတိုးနှုန်းနဲ့ ငွေကျပ် ၁၅ သိန်း ချေးပေးတဲ့အတွက် လုပ်ငန်းပြန်လည် လည်ပတ်နိုင်ပါတယ်။ အခက်အခဲကြုံနေတဲ့ အချိန်မှာ အတိုးနှုန်းသက်သာစွာနဲ့ ငွေထုတ် ချေးပေးတဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို တကယ်ပဲကျေးဇူး တင်ပါတယ်။”

ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ဒေါင့်ကြီး မြစိမ်းရောင်ကျေးရွာနေ ဒေါ်အေး အေးရီက “ကျွန်မက ရာသီပေါ်သီးနှံတွေစိုက် ပျိုးရောင်းချပြီး အသက်မွေးပါတယ်။ သင်္ဘော သီး၊ သံပရာသီး၊ ဘုရားပန်းတို့ စိုက်ပျိုးရောင်းချ ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ အသွားအလာ ကန့်သတ်ထားတော့ စိုက်ထားတဲ့ သီးနှံတွေက ရောင်းမထွက်ဘူး။ ဝင်ငွေမရှိတော့ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်ခဲ့ရာမှ မြစိမ်း ရောင်ချေးငွေကို အတိုးနှုန်းသက်သာစွာနဲ့ ရရှိတဲ့အတွက် ကျွန်မတို့မိသားစု စားဝတ် နေရေးပြေလည်ပြီး စိုက်ပျိုးဖို့ မျိုးစေ့တွေ ဝယ်ယူနိုင်တဲ့အတွက် အတိုင်းမသိ ဝမ်းသာ မိပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့ နယ် ခလောက်တရာကျေးရွာနေ ဒေါ်တင်မြင့် က “ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်နေတဲ့အတွက် ကြောင့် အပြင်ကိုလည်းမထွက်ရဲပါဘူး။ အိမ်မှာပဲနေရပါတယ်။ ဝင်ငွေမရှိ ထွက်ငွေသာ များနေတယ်။ စိုက်ပျိုးရေးလုပ်ငန်း ပြန်လည် လည်ပတ်နိုင်ဖို့ အခက်အခဲရှိရာမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ချေးငွေကို အတိုးနှုန်းသက်သာစွာ နဲ့ အိမ်တိုင်ရာရောက် ချေးငွေကို လာရောက် ထုတ်ချေးပေးတဲ့အတွက် အိပ်မက်လို့တောင် ထင်မိပါတယ်။”

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျောက္ကကာ မြစိမ်းရောင်ကျေးရွာရှိ ဒေါ်နီလာက “ကျွန်မက ရက်ကန်းခတ်ပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ ကိုဗစ် ကာလအတွင်းမှာ ထွက်ရှိတဲ့ အထည်တွေ လည်း ရောင်းချလို့မရတဲ့အတွက် ရက်ကန်း ခတ်ဖို့ရာ ချည်ခင်တွေ ဝယ်ယူဖို့လည်း ငွေအခက်အခဲဖြစ်ခဲ့ပါတယ်။ အပြင်မှာ ငွေချေးမယ်ဆိုရင် အတိုးကများတဲ့အတွက် ချေးယူဖို့ အဆင်မပြေခဲ့ပါဘူး။ အခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အတိုးနှုန်းလျှော့ချပြီး ကျေးရွာအရောက် ငွေထုတ်ချေးပေးတဲ့အတွက် မိသားစု စားဝတ်နေရေး အဆင်ပြေခဲ့ပါတယ်။ လုပ်ငန်းလည်း ပြန်လည်လည်ပတ်နိုင်ခဲ့လို့ အခုလိုမျိုး အတိုးနှုန်းသက်သာစွာနဲ့ ချေးပေး တဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်စား အထူးကျေးဇူးတင်ပါတယ်။”

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် အခက်ခဲဆုံး ကာလအတွင်း ကျေးရွာ အရောက် မြို့နယ် ၂၁၃ မြို့နယ်၊ ကျေးရွာ ၁၆၅၆ ရွာရှိ ကျေးလက်နေပြည်သူ ၁၇၁၃၀၁ ဦးအား အတိုးနှုန်း ပြား ၅၀ နှုန်းဖြင့် ထုတ် ချေးပေးနိုင်ခဲ့သဖြင့် ကျေးလက်နေပြည်သူ များ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင် ရွက်နိုင်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။

ဆောင်းပါးရှင် – အေးအေးကြူ (ကျေးလက်ဦးစီး)

၁၂-၆-၂၀၂၀နေ့ထုတ် ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်။