ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေရှိမည့် သီးနှံပုံစံနှင့် စိုက်နည်းစနစ်များအရ ကြိုတင်ဆောင်ရွက်ထားရမည့် သီးနှံပိုးမွှားရောဂါကာကွယ်ရေးနည်းပညာများကို တောင်သူများ အား မျှဝေရန် နှင့် လက်တွေ့ကွင်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်နိုင်ကြခြင်းဖြင့် တောင်သူများ၏ အခက်အခဲများ လိုအပ်ချက်များအား သိရှိကူညီဖြည့်ဆည်းပေးနိုင်ရန် တောင်သူပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်း က လယ်ဝေးမြို့နယ်၊ ဇီးဖြူတန်းကျေးရွာရှိ စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲသို့ တောင်သူ(၉၈)ဦး တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော် ပြည်ထောင်စုနယ်မြေ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမျိုးနိုင် ၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးစောဝင်း နှင့် စိုက်ပျိုးရေးပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များ အလိုက် ဟောပြောဆွေးနွေးခဲ့ကြသည်။
ပြောင်းလဲလာသောရာသီဥတု နှင့် လိုက်လျောညီထွေရှိမည့် သီးနှံပုံစံနှင့် စိုက်နည်း စနစ်များ၊ ၂၀၁၉-၂၀၂၀ ဆောင်းသီးနှံ နှင့် နွေစပါးစိုက်ပျိုးရာသီတွင် သီးနှံပိုးမွှားရောဂါဆိုင်ရာ နှိုးဆော်ချက်များ၊ လိုက်နာ ကျင့်သုံး ရမည့် လုပ်ငန်းစဉ်များ၊ GAP ကျင့်စဉ်များ ၊ သီးနှံများ စိုက်ပျိုးမှုအပေါ် စစ်တမ်းကောက်ယူနည်း၊ သဘာဝပိုးသတ်ဆေးများ ဖော်စပ်သုံးစွဲနည်း၊ အန္တရာယ်ကင်းရှင်းစွာ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အပိုင်းလိုက်ဆွေးနွေးခြင်း၊ တောင်သူများ၏ သိရှိလိုသည်များအား အသေးစိတ်ပြန်လည်ဖြေကြား ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့် နည်းပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။