ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်းရေးဆွဲရေး (ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။


လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေး(ပဉ္စမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ စုံညီစွာ တက်ရောက် ကြသည်။
အဆိုပါအစည်းအဝေးတွင် ၂၀၂၀ပြည့်နှစ် ဖေဖေါ်ဝါရီလ(၁၄) ရက်နေ့ က နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ၂၀၂၀ပြည့်နှစ် ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂ ဖြစ်သည့် လယ်ယာမြေဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ (၂၀၂၀ခုနှစ်)အတွက် နည်းဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းများကို (ပဉ္စမအကြိမ်) ဆောင်ရွက်ခြင်းဖြစ်ပြီး လယ်ယာမြေ စီမံခန့်ခွဲရေး ဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၊ စက်မှု လယ်ယာဦးစီးဌာန နှင့် ဆက်စပ်ဌာနများမှတာဝန်ရှိသူများ က နည်းဥပဒေ မူကြမ်းတွင် ထည့်သွင်း ပါဝင်သင့် သည့် အစိတ်အပိုင်းများအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများ က ဖြည့်စွက်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ရွှေ့ပြောင်းတောင်ယာမြေ စိုက်ပျိုးခြင်းဆိုင်ရာကိစ္စ နှင့် ပတ်သက်သော နည်းဥပဒေ မူကြမ်း အပိုဒ် ၊ အပိုဒ်ခွဲများကို အဓိကထား၍ အ‌သေးစိတ် သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။