သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ အပင်တစ်သျှူးဓါတ်ခွဲခန်းများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံပန်းမာန်ခြံများ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖြင့် မိခင်ဗီဇနှင့် ထပ်တူညီပြီး ပိုးမွှား ရောဂါကင်းရှင်းသော သီးနှံမျိုးသစ်ပေါ်ထွန်းလာစေရန် ၊ အပင်တစ်သျှူးဓါတ်ခွဲခန်းများ၏ အဓိကလိုအပ်ချက်များအား စုပေါင်းအားဖြင့် ဖြေရှင်း ကျော်လွှားနိုင်ရန် တို့ကိုရည်ရွယ်၍ အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဓါတ်ခွဲခန်းပညာရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကားပြောကြားရာ၌ အပင် တစ်သျှူး မွေးမြူခြင်း ကြောင့် ရရှိနိုင်သည့် အကျိုး ကျေးဇူး များစွာရှိသည့် အနက် အဓိက အချက်မှာ မူလ မိခင် အပင် အမျိုး အစား နှင့် အရည်အသွေး အရည်အချင်း တူသော မျိုး ပျိုးပင်များကို အချိန် တစ်ခုအတွင်းမှာပင် မြောက်များစွာ ပွားများ ထုတ်လုပ်နိုင်ခြင်း၊ ဗိုင်းရပ်စ် ရောဂါ ကင်းသော ပျိုးပင်များ ထုတ်လုပ်နိုင်ခြင်း စသည်တို့ဖြစ်ကြောင်း၊လက်ရှိ တွင် မြန်မာနိုင်ငံ ၌ တစ်သျှူး မျိုးပွားခြင်းကို ဆေးဖက်ဝင် သစ်ခွ ၊ ငှက်ပျော ၊ ကြံ ၊ ဝဥ နှင့်အခြားအရေးပါသော သီးနှံများအား ပျိုးပင် ထုတ်လုပ် စိုက်ပျိုးနိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ အပင် တစ်သျှူး မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နိုင်ကြသည့် ဌာနခွဲများအနေဖြင့် အစုအဖွဲ့ ဖြင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးအတွက် အကျိုးပြုပြီး လူသုံးနည်းသည့် ဒေသတွင်း ပြည်တွင်းရှိပြီးသား မျိုးစိတ်များကို ရှာဖွေစုဆောင်း သုတေသနပြု ဖော်ထုတ်ပြီး အပင်တစ်သျှူးနည်းဖြင့် မျိုးပြန့်ပွားရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ အမယ်သစ် သီးနှံမျိုးများ ရယူ ပွားများ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တစ်သျှူး မွေးမြူရေး ဓါတ်ခွဲခန်းများ ဖွံ့ဖြိုးရေးအတွက် နှစ်အလိုက် ရန်ပုံငွေတောင်းခံ ဖြည့်ဆည်းပြီး ကျွမ်းကျင်သူများနှင့် လေ့ကျင့်ပေးခြင်းဖြင့် ဓါတ်ခွဲခန်းပညာရှင်မျိုးဆက်သစ်များ ၏ အရည်အသွေးမြှင့်တင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက စီးပွားဖြစ် အပင်တစ်သျှူးမွေးမြူရာတွင် လိုအပ်သည့်နည်းပညာရပ်ဆိုင်ရာများ ၊ သုတေသန လုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန် နှင့် တွေ့ရှိချက် နည်းပညာများအား မျှဝေပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများ ချမှတ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။