ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သမဝါယမလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိလာသည့် လယ်ယာထွက်ကုန် သီးနှံများ အတွက် သင့်တင့်သော ဈေးနှုန်းခိုင်မာမှုရရှိစေပြီး တစ်ဖက်တွင်လည်း စားသုံးသူ ပြည်သူများ အတွက် ပြင်ပပေါက်ဈေးအောက် ဈေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရေးကို သမဝါယမ ကွန်ယက် ချိတ်ဆက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် နည်းတူ လယ်ယာသွင်းအားစု ဖြန့်ဖြူးရေး၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေး နှင့် ကန်ထရိုက် လယ်ယာစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး လုပ်ငန်းများအား တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်နိုင်ရေး ကို ရည်မျှော်၍ သမဝါယမ ကဏ္ဍက တစ်တပ်တစ်အား ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ဒီဇင်ဘာ ၁၁ ရက် နေ့လယ်က Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနဦးစီးမှူးများ၊ အသင်းစုချုပ်ဥက္ကဋ္ဌများ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းများ ဆောင်ရွက်မှုများအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကိုဗစ်ကာလအတွင်း ကုန်ထုတ် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများအား ထင်ရှားစွာ ဆောင်ရွက် ထားခြင်းများကို တွေ့ရပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ယုံသာ မက မိမိတို့၏သမဝါယမအသင်းများကို နိုင်ငံတကာတွင် အောင်မြင် နေသည့် သမဝါယမအသင်း များ ပုံစံဖြစ်အောင် မိမိတို့က ထိန်းကျောင်းပေးရ မည်ဖြစ်သကဲ့သို့ ကာယကံရှင်ဖြစ်သည့် ဗဟို သမဝါယမ အသင်း၊ အသင်းစုချုပ်များကိုယ်တိုင်ကလည်း အားထုတ် ဆောင်ရွက် ပေးကြစေ လိုကြောင်း၊

သမဝါယမအသင်းများကို ဦးဆောင်နေရသော ခေါင်းဆောင်သည် မိမိ၏ ကြိုးစားမှုကြောင့် အောင်မြင်သည်ဟု ထင်ခြင်းသည် အမှန်တကယ်အောင်မြင်ခြင်း မဟုတ်ပါ ကြောင်း ၊ အဆိုပါ အသင်းအဖွဲ့တွင် ပါဝင်သူအားလုံးတို့က မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရလို့ အောင်မြင်သည်ဟု ထင်မြင်ယူဆသည့် အဆင့်ရောက်မှ အောင်မြင်သည်ဟု မှတ်ယူရမှာ ဖြစ်ကြောင်း၊
ခေါင်းဆောင်မှု ဆိုသည်မှာ လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့် နက်ပါကြောင်း၊ ခေါင်းဆောင်မှုတစ်ခုကို ဆောင်ရွက်ရာတွင် ဦးစွာ ခေါင်းဆောင်က မဟာဗျူဟာ၊ နည်းဗျူဟာ၊ လုပ်ငန်းစဉ်များချမှတ်ရန်လိုပါကြောင်း၊ ခေါင်းဆောင်မှုတိုင်းတာခြင်းအရ Knows The Ways အဆင့်တွင် ကိုယ်သွားမည့်လမ်းကြောင်းကို သိရှိရမည်ဖြစ်ပြီး အကောင် အထည်ဖော်ရမည့် အခြေအနေ Gos The Ways အဆင့်တွင် အနည်းငယ်ပိုခက်လာပါကြောင်း၊ ကန့်သန့်မှုများ စိန်ခေါ်မှုများ နှင့် အခက်အခဲများရှိနိုင်ပါကြောင်း၊

နောက်ဆုံးအဆင့် Shows The Ways တွင် ပိုခက်ခဲနိုင်ပါကြောင်း၊ သက်ဆိုင်သူStakeholder အားလုံး က တက်တက်ကြွကြွပါဝင်ပြီး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အောင်မြင်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ သမဝါယမအသင်းသားများ (၄.၂)သန်းက တက်ညီလက်ညီနှင့် ပါဝင်ဆောင်ရွက်ဖို့ လိုပါကြောင်း၊ သမဝါယမအသင်းဖွဲ့စည်းပုံမှန်ကန်ရေးမှာ မျိုးဆက်သစ်တွေ စနစ်တကျ မွေးထုတ်ပေးဖို့ အရေးကြီးကြောင်း၊ အဓိက ဆောင်ရွက်မည့် သူများက အသင်းများကိုယ်တိုင်ပင် ဖြစ်ကြောင်း၊
လယ်ယာကဏ္ဍနှင့်ပတ်သက်၍ တောင်သူလယ်သမားများပါဝင်သည့် တောင်သူ လယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်း ကိုပြုစုလျက်ရှိရာ အဆိုပါဥပဒေ ထွက်ရှိလာပါက သမဝါယမအသင်းများသည် ဦးဆောင်ဦးရွက် ပြုရမည့် အသင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ပိုပြီးခိုင်မာသည်ထက်ခိုင်မာအောင် ယင်းဥပဒေဖြင့် ထပ်မံ ထိန်းကျောင်း သွားမှာဖြစ်ကြောင်း၊ COVID 19 ကြောင့် တစ်ကမ္ဘာလုံး၌ ထိခိုက်မှု စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို အခွင့်အလမ်းဖြစ်အောင် သမဝါယမအသင်းများက အကောင်းဆုံး ကြိုးပမ်း လုပ်ဆောင်ကြစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။


စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းစဉ်များ၊ မူဝါဒများ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းတွင် အခြေခံပြည်သူ(၄.၂)သန်းဖြင့် သမဝါယမအသင်း (၃၉၄၇၀)သင်း ဖွဲ့စည်းထားရှိပြီး အသင်းသားပြည်သူများ၏လူမှု စီးပွား ဖွံ့ဖြိုး လာစေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၇/၂၀၂၀ စာရင်းများအရ အသေးစားအရင်းအနှီး ချေးငွေ ထုတ်ချေးခြင်းကို အသင်းသားဦးရေ(၁.၇၅) သန်းကျော် အား ကျပ် (၃၇၅.၃၅) ဘီလီယံ ထုတ်ချေးပေးထားကြောင်း၊ အရစ်ကျ စနစ်ဖြင့် စက်ကိရိယာများ ရောင်းချပေးမှုမှာ အသင်းသား (၄၈၃၉၃)ဦး သို့ ကျပ်(၁၁၀)ဘီလီယံကျော်တန်ဘိုးရှိ စက်ကိရိယာ(၆၄၂၃၀)စီး ရောင်းချပေး ပြီးဖြစ် ကြောင်း သတင်းရရှိသည်။