ဆောင်းပါး

ကျွန်တော် ခေါင်းဆောင်

မောင်ဇေယျ

=======
အခုတလော ဒီစကားသံတွေကို ညံစီနေအောင် ကြားနေရတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Autonomy)၊ တာဝန်ရှိမှု (Responsibility)၊ တာဝန်ခံမှု (Accountability)၊ ခေါင်းဆောင်မှု (Leadership) စတဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။ အောက်ကလူတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းတယ်။ အထက်အဆင့်မှာနေတဲ့ သူတွေက တာဝန်ခံနိုင်မှုရှိရမယ်လို့ ပြောပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းတဲ့သူတွေက လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာတွေကို မလုပ်ရလို့ လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်လို့ ပြောတဲ့သူက ပြောတယ်။
ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ ဖြစ်ရတယ်လို့ လည်း ပြောကြတယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် အဆင့်ဆင့်တင်ပြရတာနဲ့ လိုရင်းကို မရောက်နိုင်တော့ဘူး လို့လည်း ပြောကြတယ်။ ဒါတွေကလည်း တစ်ဖက်က ကြည့်ရင်တော့ အမှန်တွေပါပဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းတဲ့သူတွေကို တစ်ဖက်က ဒီလိုပြန်ပြီး‌ ထောက်ပြ ပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပေးလိုက်ရင် ရရှိသွားတဲ့သူ တွေက အရည်အချင်းပြည့်မီစွာနဲ့ မိမိရဲ့လုပ်ငန်းတာဝန် တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကြမှာလား။
တစ်ဖက်က အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ ရလာ သလို တစ်ဖက်ကလည်း တာဝန်တွေ ရှိလာတာကို မေ့ထားလို့ မရပါဘူး။ လူ့အခွင့်အရေး နဲ့ ပတ်သက်လာရင် အခွင့်အရေး ကိုင်ဆောင်သူ (Rights Holder)နဲ့ အခွင့် အရေး တာဝန်ခံတဲ့လူ (Duty Bearer) ဆိုပြီး နှစ်ဦး နှစ်ဖက် ရှိပါတယ်။ ဒီအခွင့်အရေး ကိုင်ဆောင် သူတွေရဲ့ လူ့အခွင့်အရေးတွေ ခံစားနိုင်ဖို့ အခွင့်အရေး တာဝန်ခံ တဲ့သူတွေမှာ တာဝန်ရှိပါတယ်။ ဥပဒေအရ ဒီတာဝန်ခံ သူဟာ နိုင်ငံတော် အစိုးရဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာ ဥပဒေကျင့်သုံးမှုအရ လက်ခံထားတယ်လို့ စာတစ်ပုဒ်မှာ မှတ်သားလိုက်ရပါတယ်။
အမျိုးအစား ခွဲခြားထား
အခုလို အခွင့်အရေးကိုင်ဆောင်တဲ့သူနဲ့ အခွင့် အရေး တာဝန်ခံသူဆိုပြီး အမျိုးအစား ခွဲခြားထားတဲ့ အတွက် လူ့အဖွဲ့အစည်းတွေရဲ့ တာဝန်က အခွင့်အရေး ကိုင်ဆောင်သူမယ့်တွေ အခွင့်အရေးတောင်းခံနိုင်ခွင့် ရှိအောင် ဆောင်ရွက်ပေးဖို့ လိုသလို တစ်ဖက်ကလည်း အခွင့်အရေး တာဝန်ခံသူတွေရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်နိုင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မကြာမီရက်များက အဆင့်မြင့်ပညာရေးဆိုင်ရာ စကား ဝိုင်းတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ တက်ရောက်သူ တစ်ဦးက ပြောပါတယ်။ ကျွန်တော်တို့က ဘာလုပ်မယ် ဆိုတာကို သိတယ်။ ဘာကြောင့် လုပ်ရတယ်ဆိုတာ ကိုလည်း သိပါတယ်။ ဘယ်မှာနဲ့ ဘယ်အချိန်တွေမှာ ဘယ်သူတွေ လုပ်မယ်ဆိုတာကိုလည်း သိတယ်လို့ ဆိုပါတယ်။ W ၅ လုံး (What, Why, Where, When, Who) ကို သိတယ်ပေါ့။ ဒါပေမယ့် ဘယ်လို လုပ်ရမယ် ဆိုတာကို မသိပါဘူးလို့ ပြောပါတယ်။ H (How) တစ်လုံး ကိုတော့ မသိဘူး လို့ဆိုပါတယ်။ စာရေးသူအနေနဲ့တော့ ဒီအချက် ဟာ ခေါင်းဆောင်လုပ်သူတွေရဲ့ အခန်းကဏ္ဍလို့ မြင်ပါတယ်။ ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍဆိုလို့ တွေ့ခဲ့၊ ကြုံခဲ့တာလေးတွေကို ပြန်ပြီးတော့ ပြောချင်ပါတယ်။
တစ်ခါက ဆေးရုံတစ်ခုရဲ့ သန့်ရှင်းရေးအားနည်းခြင်း နဲ့ စပ်လျဉ်းတဲ့ အမေးအဖြေတစ်ခုမှာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ရဲ့ ဖြေကြားချက်တွေကို ကြည့်ရအောင်ပါ။ ဒီဆေးရုံ ညစ်ပတ်အောင်လုပ်တာဟာ ဆေးရုံဝန်ထမ်း တွေနဲ့ ဆရာဝန်တွေလုပ်တာ မဟုတ်ပါဘူး။ ဆေးရုံကို လာပြီး တက်ရောက်တဲ့လူနာတွေ၊ လူနာစောင့်တွေ၊ လူနာလာမေးတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ ပညာပေး၊ လူထုပညာပေး လုပ်ငန်းတွေလုပ်ဖို့ လိုအပ်ပါ တယ်။ အားလုံးကလည်း ဝိုင်းပြီးကူညီကြဖို့ လိုတယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြည့်တော့ ဒီအပြောကို ဟုတ်တယ် မှန်တယ်လို့ ထောက်ခံမိပါတယ်။
ဒီလိုဆင်တူဖြစ်ရပ်မျိုး နောက်တစ်ခုကို ထပ်မံတွေ့ရ ပြန်ပါတယ်။ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ ကိစ္စနဲ့ ပတ်သက် လို့ တာဝန်ရှိသူတွေက မိမိနိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ လူထုတွေအကျိုးအတွက် လယ်ယာလုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ပုံ အသီးသီးကို ပြောပါတယ်။ အဆုံးသတ်မှာတော့ မိမိတို့ရဲ့ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် လယ်သမားတွေ ရဲ့ အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။ ဒီစကားကလည်း မှန်သော စကား ပါပဲ။ လယ်ယာလုပ်သားတွေ ဘဝတိုးတက်ဖို့ လယ်ယာလုပ်သားတွေက အဓိကပါ။ “အတ္တာဟိ အတ္တနော နာထော” ဆိုတာ ရှိနေတာပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတော့ ဟုတ်တယ်၊ မှန်တယ်လို့ပဲ ပြောရပါမယ်။
နောက်တစ်ခုကတော့ ဒေသဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးရဲ့ အပြောပဲဖြစ်ပါတယ်။ စကားမှာပါတာက “သူတို့ ကို ကျွန်တော်တို့က ဒီလိုလုပ်ရင် ဒီလိုဖြစ်တယ်လို့ ပြောပြ ပြီးပြီ၊ လက်တွေ့လည်း လုပ်ပြပြီးပြီ၊ အရန်သင့် သူတို့ရဲ့ ပါးစပ်တွေနားမှာ စားဖို့လည်း ထားပြီးပြီ၊ ခွံ့မကျွေးရုံ တစ်မယ်ပဲ ကျန်တော့တယ်၊ သူတို့ကိုယ်တိုင် ယူစားကြ ပေါ့။” ဒီအပြောကို နားထောင်ပြီး စေတနာကို ခန့်မှန်းမိပါ တယ်။ ထုနဲ့ ထည်နဲ့ ပါပဲ။ ဒီလောက်အဆင့်ရောက်နေမှတော့ ယူစားလိုက်ရင် ပြီးပြီလို့ တွေးမိပါတယ်။
နောက်တစ်ခုကတော့ ကိုယ်တွေ့ပါ။ ကျွန်တော်တို့ တက္ကသိုလ်မှာဖြစ်တာ။ ဌာနမှူးတစ်ဦးက လာပြီး တင်ပြပါ တယ်။ အကြောင်းက စာသင်ခန်းတစ်ခုမှာ အမှိုက်တွေနဲ့ ညစ်ပတ်နေလို့ စာသင်ခန်းကို တာဝန်ကျတဲ့ ဝန်ထမ်းက သန့်ရှင်းရေး ကောင်းစွာ မလုပ်ဖူးလို့ပြောပါတယ်။ ပထမ အတွေးဝင်တာက ဒီတာဝန်မကျေတဲ့ ဝန်ထမ်းကိုခေါ်ပြီး ဆုံးမ စကားပြောမယ်ပေါ့။ မိမိရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှု မရှိဘူး။ ဒီသန့်ရှင်းရေးဝန်ထမ်းက ကျောင်းမဆင်းမီ တစ်ခါနဲ့ ကျောင်းဆင်းအပြီး တစ်ခါ တစ်နေ့ကို မနက်တစ်ခါ ညတစ်ခါ အမှိုက်တွေ လှည်းရပါ တယ်။ ဒီအချိန် နှစ်ခုကြားအတွင်း အမှိုက်တွေ ရောက်နေ တာဆိုတော့ ဒီအမှိုက်တွေကို ပစ်ချတာ ဘယ်သူတွေလဲ။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်နဲ့ အစချီမိပါတော့ တယ်။ တရားခံကိုတွေ့ပြီ။ ဒီအမှိုက်တွေပစ်တာ ကျောင်းသား ကျောင်းသူတွေပဲ။ သူတို့တစ်တွေ စည်းကမ်း မရှိလို့ ဖြစ်ရတာ၊ သူတို့ကို ခေါ်ပြီး ဆုံးမစကား ပြောရမယ်လို့ ကြံရွယ်မိပါတယ်။ ဆက်ပြီးစဉ်းစားပြန်တော့ အတွေးက ဒီတင်ရပ်မသွားဘဲ ရှေ့ခရီးကို ဆက်သွားပါတယ်။ စိတ်အာရုံ ရဲ့ အပြောင်းအလဲကလည်း မြန်မှမြန်၊ ခုတစ်မျိုး တော်ကြာ တစ်မျိုးပါပဲ။ ကျောင်းသားတွေ စည်းကမ်းမဲ့ အမှိုက်ပစ်တာ ကို အတန်းမှာ တာဝန်ကျနေတဲ့ ဆရာ ဆရာမတွေက မပြောဘူးလား။ ပြောဖို့ တာဝန် သူတို့မှာ ရှိတယ်လို့ မထင် ဖူးလား။ တပည့်မကောင်း၊ ဆရာ့ခေါင်းလို့ အဆိုရှိတယ် လေ။ ဒါ့အပြင် ဆရာ့ဝတ္တရားထဲမှာ မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ် လို့လည်းပါတယ်။ စည်းကမ်းမဲ့အမှိုက် စွန့်ပစ်ခြင်းဆိုတဲ့ မကောင်းတဲ့အပြုအမူ လုပ်နေတာကို မတားဘဲနေတယ်။ စည်းကမ်းရှိရှိ နေထိုင်တတ်ဖို့ကိုလည်း လမ်းညွှန်မှု မပြုကြဘူး။ ဒါဆိုရင် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူက ဆရာ ဆရာမတွေပါပဲ။ အတွေးက ဒီတင်မရပ်သေးဘူး။ ဆက်စဉ်းစားတယ်။ ဆရာ ဆရာမတွေရဲ့ အပြစ်ချည်းပဲ ပုံချ၍ မရသေးပါဘူး။
အဓိကဆောင်ရွက်မယ့်အချက်
တနင်္လာနေ့အစည်းအဝေးတိုင်းမှာ ပါမောက္ခ(ဌာနမှူး) တွေကို တို့ကျောင်းရဲ့ ဒီနှစ်အတွင်း အဓိကဆောင်ရွက်မယ့် အချက်ကို ပြောပြခဲ့တာပဲ။ ကျောင်းမှာရှိတဲ့ဝန်ထမ်းအားလုံး နဲ့ ကျောင်းသား ကျောင်းသူများအတွက် mind set ကို ပြုပြင်ဖို့၊ စည်းကမ်းကောင်းဖို့လိုတယ်လို့ ဖန်တစ်ရာတေ အောင် ပြောခဲ့တာပဲ။ မိမိရဲ့ဘာသာရပ်အလိုက် ကျောင်းသား တွေ စည်းကမ်း ကောင်း အောင် ထိန်းသိမ်းဖို့ ဘာသာရပ် ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)တွေမှာ တာဝန်ရှိတာပေါ့။ တက္ကသိုလ်တစ်ခုအောင်မြင်ဖို့ဆိုတာ တက္ကသိုလ်နဲ့ နှီးနွှယ်သူအားလုံးက ကိုယ့်တာဝန် ကိုယ်ယူမှ ဖြစ်မယ်လို့ ပြောခဲ့တာပဲ။ မိမိတာဝန်ယူရတဲ့ ဌာနမှာရှိတဲ့ သင်ကြားရေး ဝန်ထမ်းတွေသာမက မိမိရဲ့ဘာသာရပ်ကို တက်ရောက် သင်ယူနေကြသော ကျောင်းသား ကျောင်းသူအားလုံးရဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ စတာတွေဖွံ့ဖြိုးဖို့ တာဝန်ရှိ တယ်လို့ ခဏခဏပြောဖြစ်တာကို သတိ ရမိပါတယ်။ ဒါဆို သူတို့မှာ တာဝန်ရှိတယ်။ ဒီလောက်ပြောဆိုတဲ့ ကြားကနေ သူတို့ ကိုယ့်တာဝန် ကိုယ်မယူကြဘူး။ အလုပ် ကို အားကြိုးမာန်တက် မဆောင်ရွက် ကြဘူးလို့ တွေးမိ တယ်။ လာမယ့် တနင်္လာနေ့ အစည်းအဝေးကျရင် ဌာနမှူး တွေအားလုံးကို ပြောရဦးမယ်လို့ စိတ်ကူးမိပါတယ်။ မိမိစိတ်ကူးကလည်း စိတ်ကူးထဲမှာပဲ ရပ်တန့် သွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားခံ အစစ်ကို တွေးမိလို့ပါ။ ဌာနမှူးတွေ တာဝန်ရှိတယ်ဆိုရင် ငါ့မှာကော တာဝန်မရှိ ဘူးလား။ ငါက ဒီကျောင်းရဲ့ ပါမောက္ခချုပ်၊ တာဝန် အရှိဆုံးပုဂ္ဂိုလ်၊ ဒီကျောင်းမှာ စီမံခန့်ခွဲမှု အာဏာ အမြင့် ဆုံး ပေးအပ်ခံထားရတဲ့ပုဂ္ဂိုလ်၊ ဒီကျောင်းရဲ့ တာဝန်တွေ ကို ယူဖို့ နိုင်ငံတော် အကြီးအကဲက ပြန်တမ်းနှင့် ဝန်ထမ်း အကြီးအကဲအဖြစ် ခန့်အပ်ခံထားရတဲ့သူက ဒီကျောင်း အတွက် ဖြစ်သမျှအကြောင်းအရာအားလုံးအတွက် တာဝန်ယူရမယ်ဆိုရင် ငါ့မှာ တာဝန်အရှိဆုံးပါပဲ။
တာဝန်ယူမှု၊ တာဝန်ခံမှု
ဒီလိုမဖြစ်အောင်ဆောင်ရွက်ဖို့၊ ကျောင်းသား ကျောင်းသူတွေ စည်းကမ်းရှိဖို့ ဘယ်သူက အဓိက တာဝန်ယူဆောင်ရွက်ရမှာလဲ။ တကယ်လို့ အောင်မြင် အောင် မဆောင်ရွက်နိုင်ဘူးဆိုရင်ကော ဘယ်သူက တာဝန်ခံ ရမှာလဲ။ အဖြေကရှင်းပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က တာဝန်ခံမှာပဲ ဖြစ်ပါတယ်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ရဲ့ တာဝန်ခံမှုဟာ လူပုဂ္ဂိုလ်အနေနဲ့ ပြောမယ် ဆိုရင် စောစောကပြောခဲ့တဲ့ သန့်ရှင်းရေးဝန်ထမ်း၊ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမမှသည် ပါမောက္ခ (ဌာနမှူး)အထိ တာဝန်ခံပေးဖို့ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အတွေးဝင်ပါတယ်။
သက်ဆိုင်သူ လူပုဂ္ဂိုလ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှသည် စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအထိ တာဝန်ခံရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ဆိုတာ ဒီလိုပါပဲ။ နိုင်ငံတော်မှာ စနစ်လည်း ပြောင်းပြီ၊ ခေတ်လည်းပြောင်းနေပြီ။ ဒါပေမယ့် ခေတ်စနစ်နဲ့ လိုက်ပြီး လူတွေက မပြောင်းလဲသေးဘူး။ ဒီလိုလူတွေနဲ့အတူ လက်တွဲပြီး ရည်မှန်းချက် ပန်းတိုင် ကိုရောက်အောင် လျှောက်လှမ်းဖို့ လွယ်တော့ သိပ် မလွယ်ဘူး။ မလွယ်ဘူးဆိုတာထက် ခက်တယ်ဆိုရင် ပိုမှန်လိမ့်မယ်။
ဒီခေတ်ကို ကျော်လွှားဖို့ ကိစ္စရပ်ဟာ ခေါင်းဆောင်ရဲ့ တာဝန်ဖြစ်သလို တာဝန်ခံမှုဟာလည်း ခေါင်းဆောင်ဆီ မှာပဲ ရှိရမှာဖြစ်ပါတယ်။ နေရာဌာနအသီးသီးမှာ ခေါင်းဆောင်နေရာကို တာဝန်ယူ နေတဲ့ သူတွေအတွက် ခေါင်းဆောင်တစ်ယောက်ရဲ့ အရည် အသွေးတွေပြည့်စုံဖို့ အထူး လိုအပ်ပါတယ်။ မိမိရဲ့ နောက်လိုက်တွေကို သူတို့ရဲ့ ထမ်းဆောင်ရမယ့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စည်းမျဉ်း၊ စည်းကမ်း ဘောင်အတွင်းက စီမံဆောင်ရွက်နိုင်စွမ်းရှိဖို့ လိုအပ်သလို အများအကျိုးကို လည်း မေတ္တာ၊ စေတနာအပြည့်နဲ့ ကိုယ်ကျိုးမဖက် အနစ်နာခံပြီး မိမိကိစ္စကဲ့သို့ သဘောထားပြီး အားကြိုး မာန်တက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ခေါင်းဆောင် မှု (Leadership) နဲ့ ပတ်သက်လို့ John C.Maxwell ရဲ့ အဆိုကိုတွေ့မှပဲ ဘဝင်ကျပါတော့ တယ်။ Maxwell က “The Leader is one who knows the way, goes the way and shows the way” လို့ ဆိုထားပါတယ်။ တွေးကြည့်တော့ ခေါင်းဆောင်ဆိုတာ မိမိရဲ့ ရည်မှန်း ချက်ပန်းတိုင်ရောက်ဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ကို သိတယ်။ သိတဲ့ နည်းလမ်း အတိုင်းလည်း မရောက် ရောက်အောင် သွားနိုင်စွမ်းရှိတယ်။ ဒါ့အပြင် အခြား လူတွေ ကိုလည်း ဘယ်ပုံ ဘယ်နည်း ပန်းတိုင်ကိုရောက် အောင်သွားရမယ်ဆိုတာကို စွမ်းဆောင် နိုင်စွမ်း ရှိသူလို့ သဘောပေါက်မိတယ်။ ဒါဟာ ခေါင်းဆောင်ရဲ့ တာဝန်နဲ့ တာဝန်ခံရမယ့်အပိုင်းတွေပဲ ဖြစ်ပါတယ်။
အထက်က ဆိုခဲ့တဲ့ စကားမျိုးတွေကို ခေါင်းဆောင်မဟုတ်သူ တစ်ဦးဦးက ပြောမယ်ဆိုရင်တော့ “ပီယဝါစာ” ချစ်ခင် ဖွယ်ကောင်းသော စကားကိုဆိုခြင်းပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ခေါင်းဆောင်လို့သိမှတ်ပြီး တာဝန်ခံမှု အပိုင်းကို မိမိအပိုင်းလို့ ယူပြီဆိုရင်တော့ အထက်က ဖြစ်ရပ်တွေအတွက် ဗုဒ္ဓဘုရားလမ်းညွှန်ခဲ့တဲ့ “အတတ္ထ စရိယံ” မိမိရဲ့ အရည်အချင်းတွေကို ပိုမို မြင့်မားအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတော့တယ်။       ။
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ ကူးယူဖော်ပြသည်။