ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၂၀-၂၀၂၁ ခုနှစ် ရာသီဥတု ပြောင်းလဲမှု အပေါ် မူတည်၍ သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ။

ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှု လျော့နည်း လာခြင်းနှင့်အတူ စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့် ဆည်တမံကြီးများအတွင်း ဝင်ရေ သိသာစွာ ကျဆင်းခဲ့သဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် ရေလိုအပ်ချက်များသော နွေစပါးနေရာတွင် ဒေသနှင့် ကိုက်ညီပြီး ရေလိုအပ်ချက်နည်းသည့် တောင်သူများအကျိုးအမြတ်ဖြစ်ထွန်းမည့် သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ရေရှည် အတွက် သီးနှံပုံစံ များ ဒေသရေမြေနှင့်လျော်ညီစွာ ချမှတ်ဆောင်ရွက်ကြရန် ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုမှ အကျိုး စီးပွား လျော့ကျမသွားစေရန် သက်ဆိုင်ရာဌာနများ၊ တောင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက် ကြရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒီဇင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “ရာသီဥတု ပြောင်းလဲမှု အပေါ် မူတည်၍ သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် က ဆွေးနွေး ပြောကြားသည်။အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် နှင့် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ က သက်ဆိုင်ရာ ဒေသ အသီးသီးတို့မှ Zoom Application အသုံးပြု၍ ပါဝင် တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ဆည်ရေလှောင်တမံကြီးများ၏ နှစ်အလိုက် ဝင်ရေ ၊ သိုလှောင်ရေ နှင့် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့မှု၊ ရေသောက်စနစ်များ စီမံခန့်ခွဲထားရှိမှု၊ ရေတံခါး နှင့် ရေတင် လုပ်ငန်းများ ၏ အကျိုးပြု စိုက်ပျိုးဧရိယာများ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံအတွက် ဒေသ အလိုက် စိုက်ပျိုးရေ ပေးဝေရန် လျာထားချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆည်ရေသောက် ဒေသများ တွင် ဆည်ရေ လက်ကျန် တည်ရှိမှု အပေါ် မူတည်၍ ပြောင်းလဲစိုက်ပျိုးမည့် သီးနှံပုံစံများ ၊ သီးနှံများ၏ လက်ရှိစျေးကွက် အခြေအနေနှင့် နွေရာသီ၌ ထွက်ရှိလာမည့် သီးနှံများ၏ ပေါက်စျေး အခြေအနေခန့်မှန်းချက်များ၊ သီးနှံစျေးကွက် အခွင့်အလမ်းများ ကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ရေသောက်စနစ်နှင့် စိုက်ပျိုးသီးနှံပုံစံများအရ စိုက်ပျိုး ထုတ်လုပ်မှု စာရင်း ဇယားများ မှန်ကန်ရေးစီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်း တင်ပြ ကြသည်။

ထို့နောက် ဆည်ရေသောက်ဧရိယာ အများအပြား တည်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများမှ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးများ က ‌ရာသီဥတုပြောင်းလဲမှုအပေါ် မူတည်၍ ၂၀၂၀-၂၀၂၁ ခုနှစ် နွေသီးနှံစိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအမံများကိုလည်းကောင်း၊ သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးရေး၊ ဘေးအန္တရာယ် ကင်းရှင်းသည့် စားနပ်ရိက္ခာများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တောင်သူ လယ်သမားများ ၏ ဝင်ငွေ နှင့် လူမှုဘဝ မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးရာ၌ မြို့ရေပေးရေး စနစ်တွင် အသုံးပြုလျက်ရှိသည့် ဆည်ရေလှောင်တမံများ၏ စိုက်ပျိုးရေအသုံးပြုခြင်းအတွက် သက်ဆိုင် ရာ ဒေသအစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်ရယူဆောင်ရွက်ရန် ၊ ဆည်ရေသောက် ဧရိယာများအတွင်း ရေအလေအလွင့် မရှိစေရေး၊ ဖြစ်နိုင်မည့် ရေအရင်း အမြစ်များ ဖော်ထုတ် သုံးစွဲရေး စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသအသီးသီးရှိ သက်ဆိုင်ရာ အဖွဲ့အစည်း များ နှင့် ပူးပေါင်း၍ အစီအမံများချမှတ် ဆောင်ရွက် ရန်၊ နည်းပညာ သစ်များဖြင့် ရာသီ ဥတု ဒဏ် ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ အသုံးပြု နိုင်ရေးအတွက် သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်၊ စီးပွားရေး တွက်ခြေ ကိုက်မည့် သီးနှံများ ပြောင်းလဲ စိုက်ပျိုးရေး၊ လိုအပ်သော မျိုးနှင့်သွင်းအားစုများ ရရှိရေးအတွက် ဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်ရန် ၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ ရေတိုရေရှည် အစီအမံများ ချမှတ်ဆောင်ရွက် နိုင်ရေး၊ တန်ဘိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးနင့် ဈေးကွက်ရှာဖွေ ချိတ်ဆက် ပေးရေးတို့အတွက် ဆက်စပ် ပတ်သက် နေသော ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ အားလုံး ပူးပေါင်း ဆောင်ရွက် နိုင်ရေး အလေးထား ဆောင်ရွက်ရန် တို့ကို ဆွေးနွေးမှာကြားသည်။

ယခုအခါ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကြုံတွေ့ရမှုနှင့်အတူ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေး အန္တရာယ် ကျရောက်မှုများကြောင့် စီးပွားရေး လူမှုရေး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု များကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ခံစားနေကြရလျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် မြန်မာ့လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထိခိုက်ဆုံးရှုံး မှုများ လျော့နည်း သက်သာစေရန် ၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ တိုးတက် လာစေရန် နှင့် လယ်ယာ ကဏ္ဍ အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် မူဝါဒများနှင့် လုပ်ငန်း စဉ်များ ချမှတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် စားနပ် ရိက္ခာလိုအပ်ချက်ရှိနေသော နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုး ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။