ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင် ပြောင်းလဲရေး အစည်းအဝေးကျင်းပ

               ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ  Covid -19 ရောဂါကင်းစင်ရေး ဆောင်ရွက်ရန် အချိန် အတိုင်း အတာတစ်ခုအထိ ရှိနေဦးမည်ဖြစ်သည့်အတွက် ကမ္ဘာသူ ကမ္ဘာသားများအားလုံး လူနေမှု ဘဝ ပုံစံသစ်ဖြင့် စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကာလလတ်နှင့် ကာလရှည် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ၏ စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တွင်လည်း စိုက်ပျိုးရေးကဏ္ဍ  ဖွံ့ဖြိုး တိုးတက်ရန် ရည်မှန်းဆောင်ရွက်မည့် ပန်းတိုင်နှင့် မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုလျော့နည်းစေပြီး ကာလတိုနှင့်ရေရှည် တုံ့ပြန်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ အားကောင်းလာစေရန် သက်ဆိုင်ရာဌာနများက စီမံကိန်းများ၊ စီမံချက်များ စနစ် တကျ ချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး အစည်းအဝေး တွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

                အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အစည်းအဝေး တွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့်အတူ စီးပွားရေးထူထောင်ခြင်း ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးခြင်း၊ တောင်သူဝင်ငွေ တိုးတက်ရေး နှင့် ရေရှည်တည်တံ့သည့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ဖန်တီးရေး ဆိုင်ရာကိစ္စရပ်များ ၊ ဆောင်ရွက်ဆဲ စီမံကိန်းများ၏ ဘဏ္ဍာငွေ အရင်း အမြစ် ၊ ပြည်ပ အကူအညီများ အား အကျိုးရှိထိရောက်စွာ သုံးစွဲဆောင်ရွက် နိုင်မည့် နည်းလမ်း များ၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စရပ်များ ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးက ဖြည့်စွက်မှာကြားရာ၌ Covid -19 ကပ်‌ရောဂါကြောင့် လယ်ယာ ကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့နေရမှုကို အခွင့်အလမ်းများအဖြစ် ရယူ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှု မရှိသေးသည့် နိုင်ငံများအတွက် စားနပ်ရိက္ခာ ထုတ်လုပ်မှုနှင့် တင်ပို့မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုတွင် ကြုံတွေ့ နိုင်သည့် ပိုးမွှားရောဂါ ရာသီဥတု နှင့် သဘာဝ ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ဒေသရေမြေနှင့်ကိုက်ညီမည့် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ရေးလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အတွက် ဆက်စပ်ဌာနများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။