သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အမျိုးသားစိုက်ပျိုးရေး သုတေသန စနစ် ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်း အဖွဲ့ (NARS) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားစိုက်ပျိုးရေး သုတေသနစနစ် ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းအဖွဲ့ (NARS) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန်က Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ သမဝါယမဦးစီးဌာန ၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမွေးမြူရေးဆိုင်ရာ နှင့် ဆေးတက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပမှ ပြင်ပပညာရှင်များ က  Zoom Application အသုံးပြု၍ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က NARS ၏ လုပ်ငန်းဆာင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ က ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ရမည့်အချက်များအပေါ် သဘောထားအမြင်များအား ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံအမျိုးသားသိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ် တီထွင်မှုကောင်စီ အောက်ရှိ  နည်းပညာ ကော်မတီတစ်ခုဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာကော်မတီ သည် သုတေသနလုပ်ငန်းရပ်များ စီမံကိန်းများ ချမှတ် ဆောင်ရွက်ခြင်း၊ လုပ်ငန်းရပ်အလိုက် သုတေသန လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခြင်း စသည့် သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့(၇) ဖွဲ့စည်း ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ အစည်းအဝေး၌ စိုက်ပျိုးရေးသုတေသနပင်မစီမံကိန်း (ARMP) ရေးဆွဲရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊ ဝန်ကြီးဌာန၏ မူဝါဒ လမ်းစဉ်များနှင့် လိုက်လျော ညီထွေဖြစ်စေမည့် စိုက်ပျိုးရေး သုတေသနစနစ်အတွက် လမ်းညွှန်မှုပေးရန်နှင့် မူဝါဒများ သုံးသပ် ချက်များအပေါ် လိုအပ်သည့် စိုက်ပျိုးရေးသုတေသနစနစ် ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပေး ခြင်းတို့အတွက် ညှိနှိုင်း ဆွေးနွေး လျက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် သက်ဆိုင်ရာဦးစီး ဌာနများမှ ဌာန အကြီးအကဲ များ ကဏ္ဍအသီးသီးမှ ပညာရှင်များက သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်များအလိုက် ပါဝင် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရေးသုတေသနပင်မစီမံကန်း (ARMP)အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး သုတေသန စနစ်ကို စုစည်းကျစ်လစ်စွာဖြင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေး သုတေသနအင်အားဖြည့်ဆည်းပေးနိုင်ရန် ၊ စွမ်းဆောင်ရည် မြှင့်တင် ပေးရန်နှင့် ရှေ့လာမည့် နှစ်(၂၀)ဖြစ်သည့် ၂၀၄၀ ပြည့်နှစ်ကို မျှော်မှန်းလျက် သုတေသီ နှင့် အခြေခံ အဆောက်အဦး လိုအပ်ချက်၊ ပြုပြင်ရန်လိုအပ်သည့် သုတေသနဖွဲ့စည်းပုံနှင့် စီမံခန့်ခွဲမှု များ၊ မူဝါဒများကို ဖော်ထုတ်ပေးရန် တို့ကို အဓိက ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။