နယ်သတင်းများ သတင်းကဏ္ဍ

နှမ်းသီးနှံမျိုးသစ် ထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသနဆွေးနွေးပွဲ Virtual Conferencing စနစ်ဖြင့် ကျင်းပ

                ပြောင်းလဲနေသည့်ရာသီဥတုနှင့်သဟဇတဖြစ်ပြီး ရေရှည်တည်တံ့သော စျေးကွက်ဝင် နှမ်းမျိုးသစ်များ အစဉ်မပြတ်ထုတ်လုပ်ပေးနိုင်ရန် အတွက် အားလုံးပါဝင်သော မျိုးသစ် ထုတ်လုပ် ရေး ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၊ အပင် ဇီဝ နည်းပညာဗဟိုဌာန က ဦးဆောင်၍ နှမ်းသီးနှံမျိုးသစ် ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသန ဆွေးနွေးပွဲ ကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက Virtual Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆီထွက်သီနှံ ဗဟိုခြံ ခြံတာဝန်ခံ နှင့် ဖိတ်ကြားထားသော သုတေသန ပညာရှင် အငြိမ်းစား ဆရာကြီး ဆရာ မကြီး များ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် နှမ်းသီးနှံ အရည်အချင်းမြင့်တင်ရန်လိုအပ်နေမှုများ နှင့်ပတ်သက်၍  အပင်ဇီဝ နည်းပညာဗဟိုဌာန တာဝန်ခံ ဒေါက်တာအေးမင်း ကလည်းကောင်း၊ နှမ်းသီးနှံပညာရှင် ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဆရာ ဦးသိန်းဌေးဦး က တာဝန်ထမ်းဆောင်ခဲ့စဉ် အတွေ့ အကြုံများ နှင့် တောင်သူများ ၏ မျိုးရွေးချယ်မှုအားနည်းချက်များ ၊ နှမ်းမျိုးများ၏ ဒေသနှင့် ရာသီဥတုအပေါ် တုန့်ပြန်မှုများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးချိုနိုင်ထွန်း က GAP စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော နှမ်းစိုက်ပျိုးမှု အခြေအနေများ၊ အတွေ့အကြုံများကိုတင်ပြဆွေးနွေးတင်ပြပြီး နှမ်းသီးနှံအား တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်သည်အထိ လေ့လာဆောင်ရွက်ရန် နှင့် ကုန်သွယ်ဘက်နိုင်ငံများ၏ နှမ်းသီးနှံ ထွက်ကုန်အပေါ် လိုအပ်သည့် လက္ခဏာများကို အဓိကထားလုပ်ဆောင်ရန်လိုအပ် ချက်များကို အကြံပြု တင်ပြ ဆွေးနွေးသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မီမီချို က နှမ်းပင်များ ၏ ကြိုက်နှစ်သော သဘာဝ နှင့် အထွက်နှုန်းပေါ် သက်ရောက်သော လက္ခဏာများ ၊ နှမ်းမျိုးများ၏ အရည်အချင်း လက္ခဏာများကို ဆွေးနွေးတင်ပြသည်။ အလားတူ မကွေးတိုင်း ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မော်မော်ဝင်း က မကွေးတိုင်းနှမ်းစိုက်တောင်သူများ၏ ထွက်ကုန် ရောင်းဝယ်မှု အ​ခြေအနေ ၊ ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားရောဂါများ နှင့် ထိန်းချုပ်မှု အခြေအနေ၊ သီးနှံအရည်အသွေးမပျက် ထုတ်လုပ်နိုင်ရန်အတွက် ရိတ်သိမ်းချိန်လွန်နည်းပညာ ၏ အရေးပါပုံ အကြောင်းများကို အကျယ်တဝင့်ဆွေးနွေးတင်ပြသည်။ ယင်းနောက် မကွေးတိုင်း ဒေသကြီး ဆီထွက်သုတေသန ဗဟိုခြံတာဝန်ခံ ဒေါ်မော်မော်သီ က ဗဟိုခြံအတွင်း ဆောင်ရွက် လျက် ရှိသော နှမ်းမျိုးလိုင်းများ နှင့် လုပ်ဆောင် လျက်ရှိသော လုပ်ငန်းစဉ်များ အကြောင်းကို ဆွေးနွေးတင်ပြသည်။

ဆွေးနွေးပွဲတွင် အပင်ဇီဝနည်းပညာဗဟိုဌာန မှ သုတေသန ဝန်ထမ်းများ နှင့် ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်လာကြသူများက နည်းပညာရပ်ဆိုင်ရာ နှင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့ အကြုံများ အပေါ် သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်သူ ပညာရှင်များက ဖြေကြား ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။