သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ နေပြည်တော် အတွင်းရှိ မျိုးစေ့ထုတ် စိုက်ကွင်း များအား ကွင်းဆင်းကြည့်ရှုအားပေး

 

         စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် နိုဝင်ဘာလ (၂၅) ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဦး နှင့် ဒုတိယတိုင်းဦးစီးမှူးများ ၊ ခရိုင်ဦးစီးမှူးများ ၊ မျိုးစေ့တာဝန်ခံများ ၊ သီးနှံ ကာကွယ်ရေး တာဝန်ခံများ ၊ မြေအသုံးချရေး တာဝန်ခံများ လိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ် မျိုးစေ့ထုတ်ကုမ္ပဏီနှင့် ဇေယျာသီရိမြို့နယ် တွင်(CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများအား ကွင်းဆင်းကြည့်ရှု အားပေးရာ သက်ဆိုင်ရာ ကုမ္ပဏီ တာဝန်ရှိသူများ ၊ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ ၊ တောင်သူများ က ရှင်းလင်း တင်ပြ ကြပါသည်။

မျိုးစေ့ထုတ် ကုမ္ပဏီသို့ ရောက်ရှိရာ တင်ပြချက်အပေါ် ညွှန်ကြားရေးမှူးချုပ် က မျိုးစေ့ထုတ် ကုမ္ပဏီများအနေဖြင့်  မျိုးစေ့အဆင့်အလိုက် သတ်မှတ်ချက်များနှင့် အညီ အရည်အသွေး ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် ဆောင်ရွက် စေ လိုကြောင်း၊ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများဖြင့်ဖွဲ့စည်းထားသော မျိုးစေ့အရည်အသွေး စစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပေးထားပြီး ဖြစ်၍ မျိုးစေ့ထုတ်လုပ်သူများ အနေဖြင့် တည်ဆဲ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် စစ်ဆေးရေးအဖွဲ့များက  ထိန်းကျောင်း ကြပ်မတ် သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် ကုမ္ပဏီ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညွှန်ကြားရေး မှူးချုပ် က ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းသို့ရောက်ရှိရာ ဝန်ထမ်း များ၊ တောင်သူများနှင့်တွေ့ဆုံပြီး နိုင်ငံတော်အနေဖြင့် ယခု(CERP) အစီအစဉ်အရ မျိုးစေ့ထုတ် တောင်သူများကိုသာ ထောက်ပံ့ပေးနိုင်ပါကြောင်း၊ ထို့ကြောင့် မျိုးစေ့ထုတ် တောင်သူကြီးများ အနေဖြင့် မိမိတို့ထုတ်လုပ်သော မျိုးသန့်မျိုးစေ့များကို အသိအမှတ်ပြု လက်မှတ် ရရှိစေရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက် ကြစေ လိုကြောင်း၊ ထွက်ရှိ လာမည့် စပါးမျိုးများ ကို  အခြားတောင်သူများသို့ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချ ပေးကြစေလိုကြောင်း ၊ မိုးစပါးအပြီး ဆောင်းသီးနှံများစိုက်ပျိုးကြရာတွင် ဒေသနှင့်ကိုက်ညီပြီး တောင်သူ အကျိုးအမြတ်ရရှိစေမည့် မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးနည်းပညာများ အသုံးပြုနိုင်ရေးအတွက် မိမိတို့ဌာန က အချိန်နှင့် တပြေးညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၊ အချိန်အခါမဟုတ် မိုးရွာ သွန်းခြင်းများ ရှိနိုင်၍ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် စိမ့်မြောင်း၊ ပတ်မြောင်းများ ထားရှိ စိုက်ပျိုးကြစေလိုကြောင်း၊ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး အတွက် သီးနှံပြောင်းလဲ စိုက်ပျိုးခြင်း၊ စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း ၊ စိုက်စနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ ဆောင်ရွက် စေလိုကြောင်း ၊ စိုက်ပျိုးသည့် သီးနှံများ အထူးသဖြင့် သစ်သီးဝလံ ၊ ဟင်းသီးဟင်းရွက် စိုက်ခင်း များ ကို  GAP စနစ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ၊ပိုးသတ်ဆေးသုံးစွဲမှု လျော့ချစေလို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ကြစေလိုကြောင်း ၊ Farmer To Farmer Exchange Programme ဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။