နယ်သတင်းများ သတင်းကဏ္ဍ

အပင်ဇီဝနည်းပညာဗဟိုဌာန စိုက်ကွင်း ၌ ဥကန်စွန်းမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ

စိုက်ပျိုးထားရှိသော ဥကန်စွန်းမျိုးကွဲများ၏ အပင်လက္ခဏာ၊ အထွက်နှုန်းများ လေ့လာရန်၊  ဥကန်စွန်း မျိုးကွဲများအလိုက် ပါဝင်သော အဟာရဓါတ်များ လေ့လာပြီး အဟာရတန်ဖိုးမြင့် မျိုးများ ထုတ်လုပ်ရန်နှင့် အရည်အသွေးကောင်း ဥကန်စွန်းမျိုးများ စိုက်ပျိုးခြင်းဖြင့် တောင်သူ များ ဝင်ငွေတိုးစေရေး ရည်ရွယ်ချက်များဖြင့်  ဥကန်စွန်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်း သရုပ်ပြပွဲ ကို နိုဝင်ဘာလ(၂၅) ရက်နေ့ က စိုက်ပျိုးရေးဦးစီးဌာန၊ အပင်ဇီဝနည်းပညာဗဟိုဌာန စိုက်ကွင်း ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲ တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဦးစီးမှူး ဦးဇော်လင်း က   အမှာစကားပြောကြားရာ၌ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုဖြည့်တင်းရေးတွင်  ဥစားသီးနှံများသည် အရေးကြီး လာသည့် အလျောက် ကန်စွန်းဥသည် အခြားဥစားသီးနှံများနှင့်ယှဉ်လျင် ကစီဓာတ် အများအပြား ပါဝင်ပြီး ကျန်းမာရေးကို အကျိုးပြုစေသောကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက် အတွက် အလား အလာကောင်း သီးနှံတစ်ခုဖြစ်ရာ အနာဂတ် စိုက်ပျိုးရေးကတွင် ကမ္ဘာ့ ဝယ်လိုအား ကို ဖြည့်ဆည်း ပေးနိုင်မည့် အရည်အသွေးကောင်း ကန်စွန်းများရရှိသည်အထိ ယခုထက် ပိုမိုအားထုတ်ဆောင်ရွက်သင့် ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ညောင်နှစ်ပင်ခြံ (တာဝန်ခံ) ဦးအောင်ဌေး   က ဥစားသီးနှံကန်စွန်းစိုက်ပျိုးနည်းနှင့် ပတ်သက်သည့် သိသင့်သိထိုက်သော အကြောင်းအရာများကိုလည်းကောင်း၊ အပင်ဇီဝနည်းပညာ ဗဟိုဌာန ၏ ဥစားသီးနှံ တာဝန်ခံ ဒေါက်တာနန်းမွှေးမွှေး နှင့် ဦးရှိုင်းကိုကို တို့က လက်ရှိ စိုက်ပျိုး ထားသော ဥကန်စွန်းမျိုးများ နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာသော သုတေသန ပညာရှင်များ က ကွင်းလက်တွေ့ လေ့လာခြင်း ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် အပင်ဇီဝ နည်းပညာဗဟိုဌာန၊ တာဝန်ခံ ဒေါက်တာအေးမင်း က အပင်ဇီဝ နည်းပညာဗဟိုဌာအနေဖြင့် ဇီဝလုံခြုံမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေများနှင့် လမ်းညွှန်ချက်များ ပေါ်ထွန်း လာရန် ကြိုးပမ်းဆောင်ရွက်နေမှု ၊ ပြောင်းလဲလာသောရာသီဥတုနှင့်ကိုက်ညီသော သီးနှံမျိုးများ ထုတ်လုပ်ခြင်း၊ အရည်အသွေးနှင့် အဟာရတန်ဖိုးမြင့်မားသော သီးနှံများ ထုတ်လုပ်ခြင်းများနှင့်အတူ လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး ဟူသော မဏ္ဍိုင်ကြီး(၄)ခုအား ဟန်ချက်ညီညီ ကြိုးစား ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မိခင်ဌာနဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများ မှ ပညာရှင်များနှင့် ချိတ်ဆက်ပြီး လက်တွေ့ကျသော သုတေသနလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးအတွက် အားထုတ် သွားကြရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး  လယ်ယာကဏ္ဍအတွက် အားထားရသော လူငယ်ပညာရှင်များ အဖြစ် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ကြရန်တိုက်တွန်းပြောကြားသည်။

အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ကွင်းလုပ်ငန်း ထူးချွန်ဆုရရှိသည့် အဖွဲ့များနှင့် ကွင်းလုပ်သားများ အား ထူးချွန်ဆုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။