သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့ အစည်းတို့ ပူးပေါင်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပသော လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ ယနေ့နေ့လည် ၁ နာရီ အချိန်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပထမဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် covid 19 တုန့်ပြန်မှုများတွင် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက် ပေးတဲ့အတွက် အလွန် ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထိခိုက်နစ်နာမှုများကို လျော့ပါးစေရန် စီးပွားရေးကုစားမှုအစီအစဉ် COVID -19 (CERP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အစီအစဉ်သည် ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် မိုက်ခရိုစီးပွားရေး တည်ငြိမ်မှု မူဝါဒများ ပါဝင်ပါကြောင်း၊  အဆိုပါ အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် COVID -19 ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် တောင်သူလယ်သမားများနှင့် စီးပွားရေး လုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ စျေးကွက်ဆက်သွယ်မှုနှင့် ၀င်ငွေထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိ ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နှစ်စဉ်ပျမ်းမျှ ဆောင်ရွက်ပေး လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ ယနေ့ ကျင်းပပြုလုပ် တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလ အတွင်း စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အရေးပေါ် အခြေအနေများနှင့် COVID – 19  တုံ့ပြန်နိုင်မှုနှင့် စပ်လျဉ်း၍ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ရည်ရွယ်ပါကြောင်း၊ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များသာမက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင် ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း မျှဝေပေးစေလိုပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာကျင့်သုံးဖို့လည်း တိုက်တွန်း အပ်ပါကြောင်း၊ ယင်းကဲ့သို့ မြေပြင်မှာ လက်တွေ့ လိုက်နာကျင့်သုံးနိုင်ရေးကို မိမိတို့ဦးစီးဌာနမှလည်း ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊  ဒါ့အပြင် COVID 19 တုံ့ပြန်နိုင်ရေး လုပ်ငန်းစဉ်များနှင့် စိန်ခေါ်မှုကာလ ကျော်လွှားနိုင်ရန် အတွက် အကူအညီ အထောက်အပံ့များ ရရှိဖို့ တောင်းဆိုချင် ပါကြောင်း၊ ယခု အစည်းအဝေးသို့ တက်ရောက်သော အဖွဲ့အစည်းများမှ COVID 19 တုံ့ပြန် နိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အစီအစဉ်များရှိပါက ယခုအစည်းအဝေးတွင် မျှဝေ ပေးစေလိုပါကြောင်း ပြောကြား ပါသည်။

ဆက်လက်၍ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့စည်းများမှ တာဝန်ရှိသူများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြ ကြပါသည်။

အဆိုပါ Video Conference စနစ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းတို့ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ် သော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့စည်း ၂၉ ခုမှ တာဝန်ရှိသူများ စုစုပေါင်း ၆၄ ဦးတက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။