သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်း  ပျဉ်းမနားမြို့နယ် CERP မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေး

          စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း သည် ပြည်ထောင်စု နယ်မြေ နေပြည်တော်တိုင်းဦးစီးမှူး၊ ဒု-တိုင်းဦးစီးမှူး နှင့် ခရိုင်ဦးစီးမှူးများ၊ မျိုးစေ့တာဝန်ခံများ လိုက်ပါလျက် နိုဝင်ဘာလ (၂၀) ရက်နေ့ ၊ နေ့လည် (၂) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံ ကျေးရွာရှိ CERP အစီအစဉ်အရ တကွင်းတဆက်တည်း စိုက်ပျိုးထားရှိသော မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်း ကြည့်ရှုကြရာ ပျဉ်းမနားမြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ မျိုးစေ့ထုတ်တောင်သူများ က မိုးစပါး မျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

         ဒေသနေတောင်သူများနှင့်တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးပြောကြားရာ၌ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသည်ကို တွေ့ရှိရသည့် အတွက် အားရ ကျေနပ်မိ ပါကြောင်း၊ မကြာမီ ရိတ်သိမ်းတော့မည်ဖြစ်သည့်အတွက် မျိုးစေ့အဆင့်အတန်း ပြည့်မီရေး စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း၊ ထွက်ရှိလာသော မျိုးစပါးများကိုလည်း ဒေသတွင်း တောင်သူများထံသို့ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးစေလိုကြောင်း၊ ထို့အပြင် မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဖြင့် ရရှိ လာသော နည်းပညာများ၊ အကျိုးကျေးဇူးများကိုလည်း ဖြန့်ဝေပေးစေလိုကြောင်း၊ မျိုးစေ့ထုတ်တောင်သူများစုဖွဲ့၍ မျိုးစေ့ထုတ်အသင်းအဖွဲ့ (Seed Grower Association) များဖွဲ့စည်းစေ လိုကြောင်း၊ ယခုမျိုးစေ့ထုတ် တောင်သူများအနေဖြင့် စပါးသာမက အခြားသီးနှံများပါ မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်စေလိုကြောင်း၊ တဆက်တည်း ပြောကြားလိုသည်မှာ ယခုဧရိယာသည် ဆည်ရေ ဝင်ရောက်မှုနည်းပါးသောကြောင့် နွေစပါး မစိုက်ပျိုးနိုင်သည်ကို သိရှိရသည့်အတွက် ဆောင်းသီးနှံအား အချိန်မီပြည့်ပြည့်ဝဝစိုက်ပျိုးကြစေ လိုကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း လိုအပ်သည့်မျိုး၊ နည်းပညာများ ကူညီ ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း၊ တောင်သူများဘက်က ပြောင်းလဲလာသည့် ရာသီဥတု နှင့်အညီ စိုက်ပျိုးနည်း စနစ်များ လိုက်ပါ ပြောင်းလဲဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် လာနီညာ ရာသီဥတု သက်ရောက် နိုင်ကြောင်း မိုးလေဝသပညာရှင်များ က အသိပေးလာပါသဖြင့် ဆောင်း ရာသီ ကာလတွင် အချိန်အခါမဲ့ မိုးများ ရွာသွန်းတတ်ပါကြောင်း၊ ထို့ကြောင့် ဆောင်းသီးနှံများ စိုက်ပျိုးရာ တွင် ချိန်ဆ စိုက်ပျိုးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ဆောင်းသီးနှံစိုက်ခင်းများအား စိမ့်မြောင်းပတ်မြောင်းများဖြင့် စိုက်ပျိုးရန် အကြံပြုလိုပါ ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် ရင့်မှည့်အောင်မြင်နေသော မိုးစပါး မျိုးစေ့ ထုတ် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေး ပညာရှင် ဝန်ထမ်းများ အား ဆွေးနွေး မှာကြားရာတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် လူစုလူဝေးဖြင့် ဆောင် ရွက် ရန် မလိုအပ်သော ဒီဂျစ်တယ်စနစ် ဆက်သွယ်ရေးနည်းပညာသုံး စိုက်ပျိုးနည်းပညာ မျှဝေခြင်း လုပ်ငန်းများကို အလေးပေး ဆောင်ရွက်ရန်၊ စိုက်စနစ်မှန်ကန်စေရေး ကြီးကြပ်ရန် ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့် အညီ တောင်သူများစိုက်ပျိုးစေရေး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်၊ တောင်သူများ သီးနှံစိုက်ပျိုးရာတွင် တတ်နိုင်သမျှ ဓာတုပိုးသတ်ဆေးလျော့နည်းအသုံးပြုရေး နည်းပညာပေး ဆောင်ရွက်ရန် ၊ အထူးသဖြင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် အစားအစာ ဘေးကင်းလုံခြုံရေး အင်တိုက် အားတိုက် ဆောင်ရွက်ရန်နှင့် စားသုံးသူများပါ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး လှုံ့ဆော် တိုက်တွန်း မှုများ ဆောင်ရွက် ကြရန် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။          ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ တောင်သူ ဦးကျော်လွင် ၏ လယ်တွင် CERP အစီအစဉ်အရ စိုက်ပျိုးထားရှိသော မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် စိုက်ခင်းအား စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ စံကွက် ရိတ်သိမ်းမှု တွင် (၁)ဧက လျင် (၉၇.၆၅) တင်း နှုန်း ထွက်ရှိကြောင်း သိရှိရသည်။