ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေး နှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ  

            ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်နေတဲ့ ရာသဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ရေရှည်မှာ ရေသယံဇာတ ရှားပါး လာနိုင်မှုကို ကြိုတင်တွက်ဆပြီး စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ကြရာတွင် ရေသွင်း စိုက်ပျိုး ဧက တိုးတက် စေရေး အတွက် ရေအရင်းအမြစ်အသစ်များ ထပ်မံရှာဖွေ ဖော်ထုတ်ရန် လိုကြောင်း နိုဝင်ဘာလ (၁၇)ရက်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “စိုက်ပျိုးရေ အရင်း အမြစ်များ ဖော်ထုတ်သုံးစွဲရေး နှင့် ရေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး” တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး ပြည်နယ် ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ခံ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ဆွေးနွေးပြောကြားရာ၌ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီး ရေလျှံမှု၊ မုန်တိုင်း ဖြစ်ပေါ်မှု နှင့် အချို့ဒေသများတွင် ထူးခြားစွာ မိုးရေချိန်နည်းပါးခြင်း၊ ဆည်တမံများ ၌ ရေအဝင် နည်းခြင်း စသည့် အခြေအနေများကို တွက်ဆ၍ အဘက်ဘက်က ကြိုတင် ပြင်ဆင် ဆောင်ရွက် ထားရန် လိုအပ်ချက်များ၊ ရေလေလွင့်ဆုံးရှုံးမှု နည်းပါးပြီး ထိရောက်စွာ ရေပေးဝေနိုင်ရေး လုပ်ငန်း များ နှင့်အတူ ရေအသုံးချသူများအဖွဲ့ Water User Group (WUG) များကို ရေသောက် စနစ်များ အားလုံး၌ လွှမ်းခြုံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များ အား ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တိုင်းဒေသကြီး ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ က စိုက်ပျိုးရေ အရင်းအမြစ်များ ဖော်ထုတ်သုံးစွဲရေး နှင့် ရေစီမံ ခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် တင်ပြကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် အစည်းအဝေးတက်ရောက် လာကြသူ များက လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ မိုးရာသီတွင် ရေလှောင်တမံအများစု၌ ဝင်ရေလျော့နည်းကျဆင်း ခဲ့ခြင်း ကြောင့် အချို့သော ရေလှောင် တမံများ တွင် သောက်သုံးရေတစ်မျိုးတည်းသာ ပေးဝေ နိုင်ခဲ့ပြီး၊ နွေစပါးစိုက်ပျိုးရေပေးဝေရန် မလုံလောက် သဖြင့် အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုး နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိ ကြောင်း၊ ရေလေလွင့် ဆုံးရှုံးမှု များပြားပြီး စိုက်ပျိုးရေ အငြင်းပွားမှု ဖြစ်စေနိုင်မည့် ကွက်ဆင့် သောက်စနစ်များ လျော့နည်း သွားစေရန် နှင့် လယ်သမားအချင်းချင်း နားလည်မှုရှိစွာဖြင့် လယ်ကြားမြောင်းများ ဆောက်လုပ် နိုင်ရန် ရေအသုံးချသူများအဖွဲ့ Water User Group (WUG) ကို တိုင်းဒေသကြီး ပြည်နယ် အသီးသီး၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရေအသုံးချသူများအဖွဲ့ (၈၁၈၈)ဖွဲ့ ဖွဲ့စည်း ပေးနိုင်ခဲ့ပြီး  ရေအသုံးချသူများအသင်း Water User Association (WUA)များ အဖြစ် တိုးချဲ့ ဖွဲ့စည်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ပြောသည်။

            ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း များ ဆောင်ရွက်ရာ တွင် ဆည်တမံများမှ ရေပေးဝေခြင်း အပြင် မြစ်ရေတင် လုပ်ငန်းများ၊ စက် ရေ တွင်း များ မှ ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အချို့ ရေရှားပါးသော ဒေသများ ၌ သောက်သုံးရေရရှိရေး  လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံ တစ်ဝန်း ၌ ရေလှောင်တမံ     (၂၃၅) ခု ၊ ရေလွှဲဆည် (၁၀၇)ခု ၊ ကန် (၇၁) ခု၊ ရေတံခါး(၁၆၈)ခု ၊ မြစ်ရေတင်လုပ်ငန်းပေါင်း (၂၁၀)ခု ၊ ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တား တာပေါင်း(၂၂၁)ခု (စုစုပေါင်း-၂၄၆၆ မိုင်ခန့်)၊ ရေဘေးကာကွယ်ဧရိယာ ဧက (၂၇)သိန်းခန့် ၊ ဒေသမှ ထိန်းသိမ်း ထားသော ကျေးလက် ဆည်/ ကန်ပေါင်း(၆၆၀၇)ခု ၊ ရေပေးဝေမှုစနစ်တွင် ရေပေးမြောင်းမကြီး နှင့် ရေပေးလက်တံမြောင်းများ ၏ အလျား မိုင်ပေါင်း (၁၃၁၆၂) မိုင်ခန့်ဖြင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။