သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာဆယ်မာအူးလ်ဂွန်ဂို(ကျေးရွာငွေတိုက်)အွန်လိုင်းသင်တန်းဖွင့်လှစ်

မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) အွန်လိုင်းသင်တန်း ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC သင်တန်းခန်းမ ကို အခြေပြု ဆောင်ရွက် ရာ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး ၊ ကိုရီးယား သမ္မတနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ် Executive director Mr. Lee Yong Woo ၊ Senior manager Mr. Sim Woo Jong ၊ AERDTC သင်တန်းကျောင်းတာဝန်ခံ နှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ စီမံကိန်းဝင်ကျေးရွာများ မှ သင်တန်းသူ သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂို အဖွဲ့ချုပ် ဥက္ကဌ Mr. Park Cha Hoon က ပေးပို့လိုက်သည့် အဖွင့်မိန့်ခွန်း Videoclip ဖြင့်လည်းကောင်း၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးသူရစိုး က သင်တန်းဖွင့် အမှာစကားကိုလည်းကောင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာ နှင့် ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂိုအဖွဲ့ချုပ် တို့ ပူးပေါင်း ဆောင်ရွက်သော  ကျေးရွာငွေစုဆောင်ခြင်းစနစ် တည်ထောင်ရေး စီမံကိန်း (Village Saving System Project)အရ တိုင်းဒေသကြီး ပြည်နယ်များ၌ အကောင်အထည် ဖော်ဆောင် ရွက် လျက် ရှိသော မြန်မာဆေးမာအူးလ် (ကျေးရွာသစ်စီမံကိန်း) ကျေးရွာများ တွင် ကျေးရွာ ငွေတိုက် ပေါင်း(၃၄)ခု ကိုတည်ထောင်ထားပြီးဖြစ်သည်။ စီမံကိန်းဝင် ကျေးရွာ မိသားစုများ အနေဖြင့် မလိုအပ်သော အသုံးစရိတ်များကို ကိုယ်တိုင်လျှော့ချကာ ချွေတာသုံးစွဲပြီး ရရှိလာသော ငွေပို ငွေလျှံများကို ကျေးရွာ ငွေတိုက်၌ စုဆောင်းနိုင်ကြ မည်ဖြစ်ကာ စုဆောင်ငွေကို ကျေးရွာ ငွေတိုက် ကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် ကျေးရွာအတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက် လိုသူ၊ ဝင်ငွေတိုးပွားရေးလုပ်ငန်း ဆောင်ရွက် လိုသူများ ၏ လိုအပ်သော အရင်းအနှီးများကို ကျေးရွာ ငွေတိုက်မှ ထုတ်ချေး ပေးသွားမည် ဖြစ်သည်။ ရရှိလာသည့် အကျိုးအမြတ်ကို အဖွဲ့ဝင် အသင်း သား များအား ပြန်လည် ခွဲဝေပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည် တို့ဖြင့် ဖွံ့ဖြိုးမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျေးရွာငွေတိုက်များအား ဦးဆောင်နေကြသည့် ကျေးရွာခေါင်းဆောင်များ  လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ကျေးရွာငွေတိုက် သင်တန်းများကို ၂၀၁၈ ခုနှစ် တွင်(၁) ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၂) ကြိမ် သင်တန်းပို့ချပေးခဲ့ရာ ကျေးရွာ ခေါင်းဆောင်(၁၉၀)ဦး နှင့် စိုက်ပျိုးရေး ဝန်ထမ်း ကျေးရွာတာဝန်ခံ (၆၂)ဦးတို့ကို သင်တန်း ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ယခုအခါ COVID ကာလ ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက် များကြောင့် အွန်လိုင်း သင်တန်းအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်းကျောင်း တာဝန်ခံ ဒေါက်တာညီညီ ကပြောသည်။

ယနေ့ဖွင့်လှစ်သည့် (ကျေးရွာငွေတိုက်)အွန်လိုင်းသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကိုရီယားသမ္မတနိုင်ငံ ဆယ်မာအူးလ် ဂွန်ဂိုအဖွဲ့ချုပ်မှ အကြီးတန်းမန်နေဂျာ မစ္စတာရှင်းဝူဂျုန်း က ကျေးရွာ ငွေတိုက် သဘော တရားများ ပို့ချသွားမည်ဖြစ်သကဲ့သို့  စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC သင်တန်းနည်းပြများက သက်ဆိုင်ရာ အကြောင်းအရာများအလိုက် ပို့ချ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။