ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေချို ရေငန် ငါးပုစွန် ထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး Virtual Meeting ဖြင့်ကျင်းပ

ရေချို ရေငန် ငါးပုစွန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့်ကျင်းပ ပြုလုပ်ရာ အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော် အမြဲတမ်း အတွင်း၀န်၊ ဒုတိယအမြဲတမ်းအတွင်း၀န်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယ၀န်ကြီး က အမှာစကားပြောကြားရာ၌  ပြည်တွင်း အသားတင် ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် လယ်ယာ သားငါး ကဏ္ဍ က (၂၁.၅)%  ရှိပြီး သားငါးကဏ္ဍ အနေဖြင့် (၇.၅)% ပါဝင်နေကြောင်း၊ သို့ဖြစ်၍ နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး အတွက် ကြိုးပမ်းဆောင်ရွက်မှုနှင့်အတူ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး  ၊ ကျန်းမာရေး အတွက် အာဟာရဆိုင်ရာ ရိက္ခာထုတ်လုပ်နိုင်ရေးကိုလည်း အထူး အလေးထား ကြရန် လိုကြောင်း၊ ဘဏ္ဍာရေး နှစ်အလိုက် အကောင်အထည်ဖော် ပြီးစီးမှု အခြေအနေများ အပေါ် ပြန်လည် သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်များ၊ တိုးတက်မှု အထောက် အကူပြု အလားအလာများအပေါ် ပြင်ဆင်ဖြည့်စွက်၍ မိမိတို့  လုပ်ငန်း နယ်ပယ် အလိုက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ကြစေလို‌ကြောင်း၊

ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့မှုရှိစေပြီး ငါးရိက္ခာများ သားစဉ်မြေးဆက်ထုတ်ယူ သုံးစွဲနိုင်ရန် အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များအလိုက် ဥပဒေများ ပြဌာန်း၍စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံ ဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီထားခြင်းများနှင့်အညီ လက်တွေ့ နယ်ပယ်အသီးသီးတွင် အလေးထားလိုက်နာ ဆောင်ရွက်ရေး တစ်နိုင်တစ်ပိုင်မှသည် စီးပွားရေး အရ အမြောက်အမြား ထုတ်ယူသုံးစွဲနေသော လုပ်ငန်းရပ် ဆက်စပ်သူများအနေနှင့် အဆိုပါ ပြဌာန်းချက်များကို သိရှိနိုင်ရေး နှင့် လိုက်နာကျင့်သုံးရေး တို့အတွက် ဌာန တာ၀န်ရှိ သူများက အစဉ်တစ်စိုက် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ခေတ်မီ ရေချို ရေငန် ငါး ပုစွန် မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြခြင်း ဖြင့် ငါးလုပ်ငန်းများ ဘက်စုံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ၊ ငါးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင် ကြသူများနှင့် ရေလုပ်သားများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် နှင့် တာဝန်ရှိ သူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ကဏ္ဍများ အလိုက် တင်ပြ ကြရာ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေး ဆောင်ရွက် ခဲ့ကြသည်။

ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ရေသတ္တဝါ မွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး/  ပြည်နယ် အသီးသီး ရှိ ငါး/ ပုစွန်သားဖောက်စခန်းများက ငါး ပုစွန် မျိုးကောင်း ၊ မျိုးသန့်များအား သားဖောက် ထုတ်လုပ်ခြင်း၊ တစ်ပိုင်တစ်နိုင်ငါးသားဖောက်ရုံများ က သားဖောက် ထုတ်လုပ် ဖြန့်ဖြူးပေးခြင်း ၊ အခြေခံ ငါးဆေးထိုးသားဖောက် စာတွေ့လက် တွေ့ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ မွေးမြူရေး ကျင့်စဉ်ဖြစ်သည့် GAqP စနစ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်း။ သဘာဝ ရေ မြေ နှင့် ကိုက်ညီစွာ မွေးမြူနိုင်စေရန် (Genetically Improved Farmed Tilapia- GIFT Tilapia) GIFT တီလားပီးယား မျိုးစိတ်များ တင်သွင်း၍ ဌာနစခန်းများတွင် မျိုးပွားစေပြီး နေရာဒေသမရွေး မွေးမြူနိုင်ရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

အလားတူ စီးပွားဖြစ်မွေးမြူရန် အလားအလာရှိသော ဒေသတွင်း ရေချိုငါးမျိုးစိတ်များကို သုတေသနပြု စမ်းသပ်သားဖောက်ခြင်းနှင့် အမြောက်အမြား မွေးမြူထုတ်လုပ်ရေး အပေါ်  အလေးထား ဆောင်ရွက်နိုင်ခဲ့သဖြင့် ယခုအခါ စျေးကွက်၀င်ငါးမျိုးစိတ်(၂၁)မျိုး အောင်မြင်စွာ သားဖောက်ထုတ်လုပ်ခြင်း၊ အသားတိုးမွေးမြူခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း၊  အခြား တစ်ဘက်တွင်လည်း ဒေသရင်း သားဖောက်/အသားတိုးမွေးမြူရန် အလားအလာရှိသည့် ရေချို/ရေငန် ငါး/ပုစွန်မျိုးစိတ်များ စူးစမ်းလေ့လာခြင်း၊ သုတေသနပြု စမ်းသပ်သားဖောက်/ မွေးမြူခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း တိုင်းရင်းငါး မျိုးစိတ်များ ထိန်းသိမ်းရေး၊ ဂရန်အင်းများ တိမ်ကောပပျောက်မှုမှ ကာကွယ်နိုင်ရေးနှင့် ငါးအထွက်နှုန်းတိုးစေရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အင်းပေါင်း(၁၁)အင်းကို ၂၀၁၄ -၂၀၁၅ ခုနှစ်မှစပြီး သုတေသန အင်းများအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်း(၁၁)အင်း၌  ၂၀၁၉-၂၀၂၀ခုနှစ်မှ ၂၀၂၁-၂၀၂၂ခုနှစ်အထိ (၃)နှစ် ဆက်လက် လုပ်ကိုင်ခွင့်ပြုပေးခဲ့သည်။ငါးဖမ်းရေယာဉ်များ၌  ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးစနစ် (Vessel Monitoring System – VMS )ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့သဖြင့် တရားမဝင် ငါးဖမ်းဆီး ခြင်း မှ ရရှိသည့်  ရေထွက်ကုန်ပစ္စည်းများ ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းသို့ ဝင်ရောက်မှု မရှိ စေရေး၊ ငါးဖမ်းရေယာဉ်များ တရားမဝင် လုပ်ငန်းလုပ်ကိုင်မှု လျော့နည်းလာ စေရေး ဆောင်ရွက် နိုင်ခဲ့ကာ အဆိုပါလုပ်ငန်းကို စဉ်ဆက်မပြတ်စစ်ဆေးကြီးကြပ်ပြီး အရေးယူ ဆောင်ရွက် သွား မည် ဖြစ်ကြောင်း  ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပြောသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို မွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် အမျိုးသား အဆင့် ဓာတ်ကြွင်းစောင့်ကြည့်စစ်ဆေးမှုအစီအမံ (National Residue Monitoring Plan) ကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစပြီး အကောင်အထည်ဖော်လာခဲ့ရာ ၂၀၁၉ခုနှစ်၊ မေလ(၁)ရက်နေ့ မှစ၍ မြန်မာနိုင်ငံ၏ မွေးမြူရေး ရေထွက်ကုန်(၁၀)မျိုးကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သို့ စျေးကွက် ချဲ့ထွင် တင်ပို့ လျက်ရှိသည်။ ထို့အပြင် ငါးလုပ်ငန်းဦးစီးဌာန၏ အဏုစိပ် သရုပ်ခွဲခြင်း ဆိုင်ရာ ဓာတ်ခွဲခန်းအား ထိုင်းနိုင်ငံ BLQS (Bureau of Laboratory Quality Standard )DMSc ဌာနမှ ISO:IEC 17025:2017 Version  Certificate ကို ၂၀၂၀-၂၀၂၂ အထိ (၂)နှစ်တာ ဆက်လက် သက်တမ်းတိုး ဆောင်ရွက်နိုင်ရေး လိုအပ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။