နယ်သတင်းများ သတင်းကဏ္ဍ

ချောင်းဦးမြို့နယ် ၌ ရေကြီးနစ်မြုပ် စိုက်ခင်းများ ရာသီအချိန်အမီ ပြန်လည် စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်

အောက်တိုဘာလ နောက်ဆုံးပတ် နှင့် နိုဝင်ဘာလဆန်းရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ချောင်းဦးမြို့နယ်အတွင်း မြစ်ချောင်းများ ရေကြီး ရေလျှံပြီး ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေများ ဝင်ရောက်သဖြင့် ဆောင်းသီးနှံစိုက်ခင်းအချို့ ရေဝင်နစ်မြုပ်မှုရှိခဲ့ရာ ပျက်စီးဆုံးရှုံးမှု သက်သာစေရေး၊ ရာသီအချိန်အမီ ပြန်လည်စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ က ကွင်းဆင်းဆောင်ရွက်လျက်ရှိ​​သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူကိုယ်စားလှယ်များနှင့်အဖွဲ့သည် ညောင်ပင်သာအုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ဘုံတိုကျေးရွာ၊ ချောင်းမနားအုပ်စု ၊ ကျွန်းသာယာကျေးရွာ ၊ ဆူးလေကုန်းအုပ်စု၊ ဆူးလေ ကုန်းကျေးရွာ နှင့် တောင်အင်းကျေးရွာ တို့ရှိ ချင်းတွင်းမြစ်ရေ ဝင်ရောက်သည့် ဆောင်းသီးနှံ စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးပြီး မြစ်ရေဝင်ရောက်ခဲ့သည့် စိုက်ကွင်းများရှိ သီးနှံများ ထိခိုက်ပျက်စီးမှု လျော့နည်းစေရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ နှင့် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေး နည်းပညာများကို စိုက်ပျိုးရေးပညာရှင် ကွင်းတာဝန်ခံများက တောင်သူများအား ပညာပေးဆွေးနွေးခဲ့ကြသည်။

ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေ ဝင်ရောက်သဖြင့်​ မြစ်ချောင်းကမ်းပါးရှိ ဆောင်းသီးနှံ ထောပတ်ပဲ၊ ပြောင်းဖူး နှင့် ကုလားပဲ သီးနှံစိုက်ခင်းများ ရေဝင် နစ်မြုပ်မှုရှိခဲ့ပြီး သီးနှံ ထိခိုက်မှု အခြေအနေများအား သိရှိနိုင်ရန် အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်၍ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း အဖွဲ့က ကွင်းဆင်း စစ်ဆေးပြီး ထိခိုက်ပျက်စီး စိုက်ခင်းများရာသီချိန်အမီ  ပြန်လည် စိုက်ပျိုး နိုင်ရေး နှင့် ကုစားဆောင်ရွက်ရန် လိုအပ်သော စိုက်ခင်းများအတွက် နည်းပညာအကြံဉာဏ်များ နှင့် လိုအပ်ချက်များ ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း သတင်းရရှိသည်။