ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပ

လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက VIRTUAL MEETING စနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်‌‌ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ ၂၀၂၀ စက်တင်ဘာလဆန်းတွင် စတင်ဖြစ်ပေါ်ခဲ့သော COVID-19 ဒုတိယလှိုင်း ကာလတွင်  ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုတင်းကြပ်စွာ ချမှတ် ဆောင်ရွက်ခဲ့ရသဖြင့် လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းအပေါ် အကျိုး သက်ရောက်မှု နှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် နှောင့်နှေးကြန့်ကြာမှု ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊  မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည့် သွင်းအားစုများ ဝယ်ယူ သုံးစွဲရေး ၊ မိုးစပါးများ အချိန်မီ ရိတ်သိမ်းနိုင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊

ပြည်တွင်းရောင်းဝယ်ရေး၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချရေး၊ ကုန်ဈေးနှုန်း တည်ငြိမ် ရေး စသည်တို့အတွက်  ဒေသအသီးသီးက ထွက်ရှိလာသည့် စပါးများအား ဝယ်ယူကာ သိုလှောင်ရုံ များ သို့ ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆန်စပါး ရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ က စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ဆက်စပ် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း၊

COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ ဈေးကွက် ဈေးနှုန်း ပြောင်းလဲ လာမှု ကြောင့် ပုံမှန် လည်ပတ် ရောင်းဝယ် ဖောက်ကားမှုနှင့် ကုန်စည် စီးဆင်းမှု မှန်ကန်ရေး တို့တွင် ပြည်တွင်း၊ပြည်ပဈေးကွက် လိုအပ်ချက် သတင်း အချက်အလက်များ ကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ ဈေးကွက်တင် ပို့ မှု ဆိုင်ရာ မှတ်တမ်းများ၊ ရေတို ရေရှည် သီးနှံဈေးကွက် ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

GAP ထုတ်ကုန်များအား ပြည်တွင်း ပြည်ပ ဈေးကွက်များတွင် တွင်ကျယ်စွာ ရောင်းချနိုင်ရေး မျှော်မှန်းပြီး ရောင်းဝယ် ဖောက်ကားသူများ အနေနှင့် Contract Farming စနစ်များ ဆောင်ရွက်ပြီး ကူညီပူးပေါင်းကြစေလိုကြောင်း၊

မျိုးစေ့ အရည်အသွေး မြှင့်တင်ပေးရန် မျိုးစေ့ထုတ်လုပ်သူများအသင်း နှင့် ဌာနမှ ထုတ်လုပ် ဖြန့်ဖြူးသော မျိုးသန့် မျိုးစေ့များ အသုံးပြုရန်အတွက် လိုအပ်သော မျိုးစေ့ ပမာဏကို သက်ဆိုင်ရာ ဌာနများသို့ တစ်ရာသီ ကြိုတင်စာရင်းပေးပို့ပြီး တောင်သူများ လက်ဝယ် ရောက် ရှိအောင် ဖြန့်ဖြူးပေးခြင်းဖြင့် အရည်အသွေးနှင့်အထွက်နှုန်း ကောင်းမွန်သော မျိုးစေ့များ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊

Online မှ နည်းပညာပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း ၊ ကျယ်ပြန့်စွာ အသုံးပြု လာသော လူမှုကွန်ယက်များမှ တစ်ဆင့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် ဒီဂျစ်တယ်စနစ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မိမိတို့ ဝန်ထမ်းများကလည်း နည်းပညာပိုင်းဆိုင်ရာ ဆော့ဖ်ဝဲများ တွင်တွင်ကျယ်ကျယ် သုံးစွဲကြပြီး တောင်သူများ၏ အသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် တောင်သူဝင်ငွေတိုးပွားရေး၊ ကျေးလက် ဒေသ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ကြရာတွင် သတင်းအချက်အလက် နှင့် နည်းပညာ၏ စွမ်းအားကို အပြည့်အဝ အသုံးချပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

တောင်သူများအတွက် လိုအပ်သည့်နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကူညီပေး နိုင်ရန် နေပြည်တော် ရုံးချုပ် စိုက်ပျိုးရေး Call Center ထူထောင်ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်များ၏ အစီအစဉ်ဖြင့် ဆင့်ပွား Call Center များ ထူထောင်ခြင်း၊ Viber Group ၊ Messenger Group များ ဖွဲ့စည်း ဆောင်ရွက်မှုများကို လည်း တိုးမြှင့် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊

ဆည်ရေသောက်ဒေသများတွင် ဆည်နှင့် ရေလှောင်တမံများ၌ လက်ရှိ ဖြစ်ပေါ် နေသည့် အခြေအနေများကို စိစစ်ပြီး အဆိုပါဆည်၊ ရေလှောင်တမံများ၏ ရေသောက် ဧရိယာများတွင် ရေကို အလေအလွင့် မရှိစေဘဲ အကျိုးရှိရှိ အသုံးချနိုင်ရေး၊ အခြားသော ရေအရင်းအမြစ်များ ဖော်ထုတ်သုံးစွဲနိုင်ရေး၊ အခြားသင့်လျော်သည့် သီးနှံပုံစံနှင့် စိုက်နည်း စနစ်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး တို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နည်းပညာ အသစ်များဖြင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ ရရှိရန်အတွက် သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ သီးနှံနှင့် သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် အခြေအနေများ အပေါ် မူတည်ပြီး မိမိတို့ဒေသ အတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ထိခိုက်မှု နည်းနိုင်သမျှ နည်းပါးအောင် လိုအပ်သော ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အား တောင်သူများ နားလည်သဘောပေါက် လိုက်နာဆောင်ရွက်ကြစေရေး စည်းရုံးပညာ ပေး လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက် ကြစေ လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီအတွင်း ဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေအရ ဆည်များနှင့် ရေလှောင်တမံ အချို့တွင် ဝင်ရေနည်းပါးပြီး ရေလှောင်ပမာဏများစွာ လျော့နည်းခဲ့သဖြင့် ရေသောက် ဧရိယာများ ရှိ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ၊ သဘာဝဘေးကြောင့် စိုက်ပျိုးပြီး သီးနှံများ ထိခိုက် ပျက်စီးမှုအပေါ် အစားထိုး သီးနှံများ ဆက်လက် စိုက်ပျိုး နိုင်ရေး နှင့် သီးနှံပုံစံများ ချမှတ် ဆောင်ရွက်ပေးနေမှုများကို လည်းကောင်း၊ ဈေးကွက်ဝင် အမယ်သစ် သီးနှံများ စိုက်ပျိုး ထုတ်လုပ် နိုင်ရန်  နှစ်ရှည်သီးနှံ စိုက်ပျိုးသည့် ဧရိယာ များတွင်  ဝဥ၊ ကိုကိုး၊ ချဉ်ပေါင်ဖာလာ စသည့် ကြားသီးနှံများကို စံပြကွက် အဖြစ် စိုက်ပျိုး ပြသနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အစားအစာ ဘေးကင်းလုံခြုံ စိတ်ချ ရမှုနှင့် တန်ဘိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေးအတွက် GAP ဆိုင်ရာ နည်းပညာ ပေး ခြင်း၊ တောင်သူများ လိုက်နာဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး သင်တန်း ပို့ချခြင်း၊ မြန်မာ Organic စံချိန်စံညွှန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို လည်းကောင်း၊ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ခင်း (Home Gardening) ဆောင်ရွက်မှုအား စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များ၊ မှိုမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန က ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး စာသင်ကျောင်းဝန်းများတွင် လည်း အလေ့အကျင့် ရရှိစေရန် School Gardening အဖြစ် ကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများကို လည်းကောင်း ၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ချက် များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့ က လုပ်ငန်း လမ်းညွှန် ချက်များ ချမှတ်ဆောင်ရွက်ပေးခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ နှင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွင်း စိုက်ပျိုးမွေးမြူရေး အပါအဝင် ကျေးလက်‌နေ ပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန်  Cash for Work နှင့် Cash for Training အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ COVID-19 ပထမလှိုင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ ၏ လယ်ယာလုပ်သား လိုအပ်ချက် ဖြစ်ပေါ်ခဲ့မှု နှင့်အတူ မိုးခေါင်မှု ကြောင့် စိုက်ပျိုးရေ လိုအပ်ချက်များ ကြုံတွေ့ခဲ့ရခြင်းကြောင့် မိုးစပါးစိုက်ဧရိယာ(၆၀) ရာခိုင်နှုန်းခန့်အနေဖြင့် ပျိုးထောင် စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိပဲ ကြဲပက်စိုက်ပျိုးခြင်း ၊ တိုက်ရိုက် မျိုးစေ့ချ ကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရပြီး ယခင်နှစ်က မိုးစပါးသီးနှံ ဧက (၁၄.၉၇)သန်း စိုက်ပျိုးနိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ စိုက်ဧက (၁၄.၉၂)သန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ မျိုးစေ့ထုတ် တောင်သူ လယ်သမား အစုအဖွဲ့များ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ၊ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသူ လုပ်ကွက်ငယ် အကျိုး ဆောင် တောင်သူများကို မျိုးစေ့ဆိုင်ရာ စံချိန် စံညွှန်းများ နှင့် ညီညွတ်သည့် မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ်ပေးနိုင်ရေးအတွက် ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် တွင် တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ် ဧရိယာ ဧက တစ်သိန်း စိုက်ပျိုးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။