သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်း တိုးချဲ့ဆောင်ရွက်မည်

 စားနပ်ရိက္ခာ ဖူလုံပိုလျှံရေး ၊ စျေးကွက်ဝင် အရည်အသွေးကောင်း သီးနှံများ စိုက်ပျိုး ထုတ်လုပ် နိုင်သဖြင့် တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ် ပိုမိုဖြစ်ထွန်းစေရေး တို့ အတွက် အဓိက အရေးပါသည့် သွင်းအားစုတစ်ခုဖြစ်သော အရည်အသွေးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ မျိုးစပါးရာသီ တွင် ယခင်နှစ်များကထက် ပိုမို ထွက်ရှိလာမည့် မိုးစပါး မျိုးစေ့ များ အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းကို အချိန်နှင့် တစ်ပြေးညီ စံချိန်စံညွှန်းပြည့်မီစွာ စစ်ဆေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်ဇင်မောင်၊ မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသီဟထွန်း နှင့် တိုင်းဒေသကြီး ပြည်နယ် မျိုးစေ့ တာဝန်ခံများ၊ မျိုးစေ့အရည်အသွေးစစ်ဆေးရေး ဓါတ်ခွဲခန်း တာဝန်ခံများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မျိုးစေ့အရည်အသွေး ထောက်ခံချက်ပေးနိုင်ရေးအတွက် မျိုးစေ့ထုတ် စိုက်ကွင်းများ အား ကွင်းဆင်းစစ်ဆေးပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ မျိုးစေ့ ထုတ်လုပ်မှု ဆိုင်ရာ စိုက်ကွင်း၏ စံချိန် စံညွှန်းနှင့် ကိုက်ညီစေရေး အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များက ကြီးကြပ်ကူညီပေးနိုင်ခဲ့မှု ၊ ဒေသအသီးသီးရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်း များ ၏ အောင်မြင်ဖြစ်ထွန်းနေမှုများ နှင့် ဒေသအလိုက် ထွက်ရှိ လာမည့် မျိုးစပါး အခြေအနေ များ ကို ဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ် နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က မျိုးစေ့ထုတ်စိုက်ခင်းများ မှ ထွက်ရှိလာသော မျိုးစေ့ နမူနာများ မျိုးစေ့ အရည်အသွေး စစ်ဆေး ပေးခြင်း ကို သွက်လက်တိကျစွာ ဆောင်ရွက်ပေး နိုင်ရေးအတွက် ဓါတ်ခွဲခန်း ကျွမ်းကျင် သူ အင်းအား ဖြည့်တင်းဆောင်ရွက်ထားရန် နှင့် ယခင် နှစ်များကထက် မျိုးစပါး ပိုမို ထွက်ရှိ လာမည် ဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟာမှု မရှိစေရေး ဂရုပြု ဆောင်ရွက် ရန် လိုအပ် ချက်များ ကို ဆွေးနွေး မှာကြားခဲ့ကြသည်။   

Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက် နိုင်ရေး အတွက် ကာလတို စီမံချက်ဖြစ်သည့် “Covid-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်” CERP အရ ၂၀၂၀ပြည့်နှစ် မိုးစပါးရာသီတွင် တစ်နိုင်ငံလုံး၌ မိုးစပါး မျိုးစေ့ထုတ်ဧက တစ်သိန်း စိုက်ပျိုးခဲ့ရာ ယခုအခါ ဧရာဝတီ၊ ရန်ကုန် နှင့် ပဲခူးတိုင်း ဒေသကြီး များတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများ ရိတ်သိမ်းနေပြီဖြစ်သကဲ့သို့ ဆက်လက်၍ ရင့်မှည့် လာမည့် နိုင်ငံတစ်ဝန်းရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်းများ မှ မျိုးစပါးများ ထွက်ရှိလာမည် ဖြစ်ရာ ယခင်နှစ်များကထက် ၃ ဆ မှ ၆ ဆ အထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်၍ အဆိုပါမျိုးစေ့များ၏ အရည်အသွေး ထောက်ခံ ချက်များ အချိန်မီ ထုတ်ပေး နိုင်ရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။