ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 APTERR Tier-3 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံ က လှူဒါန်း သော ဆန်ရိက္ခာတန်ချိန် ၆၀၀ ကို Covid-19 ကပ်ရောဂါခံစားရသည့် ပြည်သူများအား ဖြန့်ဖြူးပေးမည် 

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 ခံစားရသည့် ပြည်သူများအား အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့ APTERR Tier-3 အစီအစဉ်အရ ကိုရီးယား သမ္မတနိုင်ငံ က လှူဒါန်းသော ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကို နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ APTERR အတွင်းမှူးချုပ် နှင့် အတွင်းမှူးချုပ်ရုံးတာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေး မှူး ချုပ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် အလှူရှင် ကိုရီးယားသမ္မတနိုင်ငံကိုယ်စား ကိုရီးယား သမ္မတနိုင်ငံ သံအမတ် ကြီး H.E Mr. Lee Sang-Hwa က အရန် ဆန်ရိက္ခာ တန်ချိန် (၆၀၀) ကို လွှဲပြောင်း ပေးအပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စား စိုက်ပျိုးရေး ဦးစီးဌာန ရန်ကုန်တိုင်း‌ ဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေ က လက်ခံရယူခဲ့သည်။အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများဖြင့် ဖွဲ့စည်း ထူထောင် ထားသော အာဆီယံ အပေါင်းသုံးနိုင်ငံ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့ APTERR ၏ အဖွဲ့ဝင် နိုင်ငံများ တွင် သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ထိခိုက်နစ်နာသော ပြည်သူများ အား Tier-3 အစီအစဉ်အရ ထောက်ပံ့နိုင်ရန် ဂျပန်နိုင်ငံ နှင့် ကိုရီးယားနိုင်ငံတို့မှ ပေးပို့လှူဒါန်း ထားသည့် အရန် ဆန်ရိက္ခာများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန က နေပြည်တော် နှင့် ရန်ကုန်မြို့တို့ရှိ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိ ခဲ့ပါသည်။အာဆီယံအပေါင်းသုံးနိုင်ငံ အရေးပေါ် ဆန်အရန်ရိက္ခာ (APTERR) လုပ်ငန်စဥ်များ ဆောင်ရွက် ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် မတည်ရန်ပုံငွေ (Endowment Fund – EF) အဖြစ် အမေရိကန်ဒေါ်လာ (၈၃,၀၀၀) ၊ လုပ်ငန်းလည်ပတ်ရန်ပုံငွေ (Operational Coast – OC) အဖြစ် တစ်နှစ်လျင် အမေရိကန်ဒေါ်လာ (၆၀၀၀)နှုန်းဖြင့် (၅)နှစ်ကာလအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ(၃၀,၀၀၀)ကို နှစ်စဥ်ထည့်ဝင်ခဲ့ရာ ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် ပထမ(၅)နှစ် အတွက် အားလုံး ထည့်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ Covid-19 ကာလတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရသင့်သည့် အခွင့်အရေး ကို ပြည်သူများခံစား နိုင်ကြစေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က APTERR အတွင်းမှူး ချုပ် ရုံး သို့ တင်ပြချင်အရ ကိုရီးယားသမ္မတနိုင်ငံ မှ လှူဒါန်းထားသည့် အရန် ဆန်ရိက္ခာတန်ချိန်(၆၀၀) ကို မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ Covid-19 ခံစားရသည့် ပြည်သူများသို့ ဖြန့်ဝေခွင့်ရခဲ့ကြောင်း၊ အဆိုပါ ဆန်ရိက္ခာများ ဖြန့်ဝေနိုင်ရေးအတွက် Covid-19 ကာကွယ် ထိန်းချုပ်ရေး ဗဟိုကော်မတီ ထံ တင်ပြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီး ပြည်နယ် Covid-19 ကာကွယ် ထိန်းချုပ်ရေး ကော်မတီများ ၏ ကြီးကြပ်မှုဖြင့် ပြည်သူ ၆၀၂၇၂ ဦး တို့အား ဖြန့်ဝေပေးနိုင်ရေး ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်း ရရှိသည်။