ဆောင်းပါး

“ကျွန်တော် နှင့် စေတနာမျှဝေခြင်း” (မောင်ဇေယျ)

လူတို့၏ရင်ထဲတွင် အပြန်အလှန် ထိန်းကျောင်းသည့် စိတ်နေသဘောထား နှစ်ခုအကြောင်းကို ကျေးဇူးရှင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ၏ ဟောကြားမှုများတွင် နာယူ မှတ်သား မိပါသည်။ ယင်းတို့မှာ မေတ္တာနှင့် ဥပေက္ခာ တို့ပင်ဖြစ်သည်။မေတ္တာ၏ စွမ်းအား ကြောင့်ပင် ပရဟိတ အလုပ်များကို လုပ်ဆောင်နိုင်ကြ ပါသည်။ ပရဟိတအလုပ်နှင့်ပတ်သက်၍ သူတစ်ပါး ထံမှ တစုံတရာ မျှော်မှန်းခြင်း ကျေးဇူးတင်ခံလိုခြင်းစသော စိတ်ထားများကို ဥပေက္ခာ တရားဖြင့် ဖယ်ရှား ပေသည်။ ဥပေက္ခာသည် မိမိတို့၏ မေတ္တာစွမ်းအားကို သန့်စင် မြင့်မား စေသည်။ မိမိတို့၏ မေတ္တာတရားမပျက်ပြားစေဘို့ ဥပေက္ခာတရားဖြင့် ထိန်းကျောင်း ကြရပေသည်။

‘လူသည် သေမျိုးဖြစ်သည်’ ဟူသောဆိုစကားကို အားလုံးသိရှိပြီး ဖြစ်ပါသည်။ မိမိတို့ ရှာဖွေ စုဆောင်း ထားသော ပစ္စည်းဥစ္စာမှန်သမျှ မိမိသေဆုံးသောအခါ အားလုံးထားခဲ့ကြရစမြဲဖြစ်သည်။ မည်သူ တစ်ဦး တစ်ယောက်မျှ ယူဆောင်သွားနိုင်စွမ်းမရှိပါ။သို့သော်လည်း မြတ်ဗုဒ္ဓ၏ အဆုံးအမများ တွင် ယူသွားလို့ရတဲ့ နည်းလမ်းတစ်ခုကို ဖော်ပြမိန့်ကြားထားပါသည်။ မိမိပိုင်ပစ္စည်းကို ဒါနကုသိုလ်အဖြစ် ပြောင်းလိုက်လျှင်မူ  သင် သေသွားသောအခါ သင်နှင့်အတူ ပါလာပေလိမ့်မည်ဟု ဖြစ်ပါသည်။

မိမိတို့၏ မေတ္တာတရားဖြင့် သူတစ်ပါးကိုလွှမ်းခြုံစေခြင်းဖြင့်  သူတစ်ပါး၏ မေတ္တာတရား သည် လည်း ကိုယ့်ကို ပြန်လည်လွှမ်းခြုံစေပါသည်။ ဤသည်ပင် မိမိတို့လူသားအားလုံအတွက် မေတ္တာ ကမ္ဘာမှာ ခိုလှုံနိုင် အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ‘ဇာတက’ လာ “ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ” အဆိုအမိန့်၏ အနက် အဓိပ္ပါယ်ဖြစ်သော ‘ဒုက္ခရောက်နေသူကို ကယ်တင်ရန် ကူညီသူသည် သူတော်ကောင်းဖြစ်သည်’ ဟူသော အဆိုအမိန့်နှင့်အတူ သူတော်ကောင်းတရားနှင့် ကျင့်ကြံနေထိုင်နေထိုင်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ‘စေတနာ မျှဝေခြင်း’ အစီအစဥ်သည် မွေးဖွားလာရပါသည်။

မျှဝေခြင်း အစ တောင်ငူတက္ကသိုလ်က

မျှဝေခြင်း၏ အဦးအစကို တောင်ငူတက္ကသိုလ်တွင် စတင်ခဲ့ပါသည်။ ထိုစဥ်က မိမိ တောင်ငူ တက္ကသိုလ် တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်စဥ်ကာလဖြစ်ပါသည်။ တောင်ငူတက္ကသိုလ်သည် တောင်ငူမြို့၏ အနောက်ဖက် ၅ မိုင်ခန့်အကွာတွင် တည်ရှိပါသည်။  မိမိပါမောက္ခချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ရန် ၂၀၀၈ ခုနှစ်တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိပါသည်။ ပထမဆုံးစတင်တွေ့ရှိရသည့် အခက်အခဲမှာ ရေအခက်အခဲဖြစ်ပါသည်။ သောက်ရေမဆိုထားနှင့် သုံးရေပင် တွင်းများမှ သံဓာတ်ပါသောရေများထွက်ရှိ ပါသည်။ မည်မျှပါသနည်းဆိုမူ သံချေးဖတ်များအဝါရောင် အဖတ်လိုက်ဖြစ်နေအောင် ပါပါသည်။ ရေကောင်း ရေသန့် ပေါများသော ရန်ကုန်မှ ပြောင်းရွှေ့လာသော မိမိတစ်ဦးတည်းတွင်သာ အခက်အခဲရှိသည်မဟုတ် အခြားပြောင်းရွှေ့လာသည့် တက္ကသိုလ်တွင် အတူနေ ဆရာ၊ ဆရာမ နှင့် ဝန်ထမ်းများအဖို့ပါ အခက်အခဲ တစ်ရပ်ဖြစ်ခဲ့ပါသည်။ သောက်မရရုံသာမက သုံးဖို့ပင် အခက် အခဲဖြစ် ကြရပါသည်။ ရေကိုညသိပ်ထားပြီး ထားမှ သုံးဖြစ်ရုံသာ ရှိပါသည်။ ယင်းပြဿနာကို မိမိရောက်ပြီး မကြာမတင်ကာလတွင်ပင် အတွေ့အကြုံရှိသူ များနှင့် တိုင်ပင်ပြီး ရေစစ်ကန်များ ၏ ရေစစ်သော စနစ်ကို ပြန်လည်ကောင်းမွန်စေရန် ဖန်တီးပြီး သံချေးဖတ် များကင်းစင်သော ရေအဖြစ် ပြောင်းလဲသုံးစွဲနိုင်ခဲ့ပါသည်။ သို့ဖြစ်၍ သုံးရေ အဆင်ပြေခဲ့သည်။ သို့သော် သုံးရေ ရလင့်ကစား သောက်သုံးရန်မှာမူ သင့်တော်သောအဆင့်သို့မရောက်ရှိခဲ့ပါ။ သံဓာတ်နှင်‌့ အခြားသတ္ထုဓာတ်များ အလွန်များပြားစွာပါသည့် အတွက်ကြောင့် ဖြစ်ပါသည်။ သောက်သုံးရေ၊ ထမင်းဟင်းချက်ပြုတ်ရန်တို့ကို တောင်ငူမြို့မှ လာသော သောက်ရေသန့်ကို အသုံးပြုခဲ့ကြရ ပါသည်။ ဤသည်ကား ရေနှင့်ပတ်သက်၍ အဦးအစ အခက်အခဲပင်ဖြစ်ပါသည်။ သောက်ရေသန့် အတွက် တောင်ငူမြို့မှ လာရောက်ပို့ဆောင်သည့် ရေသန့်ကားကို မျှော်ခဲ့ကြရပါသည်။

တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်ပါပြီ။ အဲဒီအချိန်က တောင်ငူတက္ကသိုလ် တွင် စာသင်ဆောင် များ သာ ရှိပြီး ညအိပ်နိုင်သည့် ကျောင်းဆောင်များမရှိသည့်အတွက် ကျောင်းသူ၊ ကျောင်းသား အများစုမှာ တောင်ငူမြို့ထဲတွင် နေကြရပါသည်။ ကျောင်းဖွင့်ခြင်းနှင့်အတူ တောင်ငူ တက္ကသိုလ် ၏ ကျောင်းသားများ၊ မြို့နှင့် အနီးအနားရွာများ တွင် နေထိုင်သော ဝန်ထမ်းများဖြင့် ပြန်လည် စည်ကားလာပါသည်။ ဝန်ထမ်းအင်အား ၄၀၀ ကျော်၊ ကျောင်းသူ ကျောင်းသား ၄၀၀၀ ကျော် နှင့် အတူ တက္ကသိုလ်သည်ပြန်လည်နိုးထလာခဲ့ပါသည်။ ဤတွင်လည်း သောက်သုံး ရေသည် ဤမျှ များပြားသော လူများအတွက် အနည်းနှင့်အများအခက်အခဲများကို ထပ်မံ ကြုံတွေ့ရ ဆဲဖြစ်ပါ သည်။ သောက်သုံးရေကား မလာသော၊ အရောက်နောက်ကျသော ရက်များတွင် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ၊ဆရာမများအားလုံးမျှဝေသုံးစွဲခဲ့ကြရပါသည်။

တစ်နေ့ ကထိကဆရာတစ်ဦး(ယခု ပါမောက္ခချုပ်၊ မအူပင်တက္ကသိုလ်)ရောက်လာသည်။ သူနှင်‌့အတူ သတင်း တစ်ခုကို သယ်ဆောင်လာသည်။ အဝေးသင်ဌာန တည်ရှိရာ အဆောင်၏ နောက်ဖက်တွင် ရေလျှံတွင်း တစ်ခုရှိကြောင်း နှင့် ယင်းရေလျှံတွင်းမှရေကို စစ်ဆေးပြီး သောက်သုံး ရေ အတွက် အသုံးပြုရန်ဖြစ်ကြောင်း တင်ပြလာပါသည်။ ထိုသည့်အတွက် ယင်းရေကို ဆိုင်ရာဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးခဲ့ပါသည်။ စစ်ဆေး ချက်ရလဒ်အရ ရေသန့်စက်တစ်ခု တပ်ဆင်အသုံးပြုနိုင်လျှင် တစ်ကျောင်းလုံသောက်သုံးရေ ရရှိနိုင်ပါမည်။ ထိုသည့်အတွက် ရေသန့်စက်တစ်ခု တပ်ဆင်အသုံးပြုရန် လိုအပ်ပြီး ကုန်ကျငွေမှာ ၁၅ သိန်းခန့်ဖြစ်သည်။ ဝန်ထမ်းတစ်ဦးချင်းအဖို့ ယင်းငွေကြေးပမာဏ သည် သုံးစွဲနိုင်သော အခြေအနေတွင် မရှိသော်ငြား ဝန်ထမ်း အားလုံး၏ စုပေါင်းထည့်ဝင်လျှင်မူ ဖြစ်နိုင်ပါသည်။ ဤသို့ဖြင့် ဌာနအားလုံးကို အသိပေးဖြစ်ပါသည်။ ခဏတာအတွင်းမှာပင် စုပေါင်းထည့်ဝင်မှုဖြင့် လိုအပ်သော ငွေကြေးရရှိခဲ့ပါသည်။ ဤသို့ဖြင့် သောက်ရေသန့် စက်ကြီးတစ်ခု ဖြစ်တည်ခဲ့ပြီး တက္ကသိုလ်အတွက် သောက်သုံး ရေကို ချိန်ခါမရွေးသုံးစွဲနိုင်ခဲ့ကြပါသည်။ ယင်းမျှဝေခြင်း အစီအစဥ် သို့ ဝန်ထမ်းတိုင်းပါဝင်ခဲ့ကြပါသည်။ မှတ်မှတ် ထင်ထင် ညစောင့်ဝန်ထမ်းတစ်ဦးက ကျွန်တော် ကနေ့လ္ဘက်ရည်ဘိုး ၂၀၀ ဆရာကြီးတို့ မျှဝေခြင်းအစီအစဥ်တွင် ပါဝင်ခဲ့ကြောင်း ပြောစကားကို ယနေ့တိုင် အမှတ်ရမိသည်။ ငွေကြေးပမာဏ များသည်၊နည်းသည်မဟူ လူတိုင်း ပါဝင် ဆောင်ရွက်ခဲ့သည့် စေတနာမျှဝေခြင်းကြောင့် တက္ကသိုလ်တစ်ခုလုံး လိုအပ်သည့် အချိန်တိုင်း သောက်သုံးရေကို ရယူသုံးစွဲနိုင်ခဲ့ကြ ပါသည်။ ဤသည့်တွက်ပင် စေတနာမျှဝေခြင်း အစ တောင်ငူတက္ကသိုလ်က ဟုဆိုခြင်းဖြစ်ပါသည်။

ကျွန်တော်ဘဝ၏ ဒုတိယစေတနာမျှဝေခြင်းကို တောင်ငူတက္ကသိုလ်မှာပင် ဆောင်ရွက် ဖြစ် ခဲ့ ပြန်ပါ သည်။ မိမိတက္ကသိုလ်အတွင်း ဌာနစုံပါဝင်သည့် သုတေသနတစ်ခုဆောင်ရွက်ခဲ့ပါသည်။ System of Rice Intensification(SRI) စနစ်ဖြင့် စပါးစိုက်ပျိုးနည်း အပေါ် သုတေသန ပြုချက်ဖြစ်ပါသည်။ မိမိအပါအဝင် ဌာနစုံမှ သုတေသန(၁၁) ခုကို လုပ်ဆောင်ဖြစ်ပါသည်။ သုတေသနရလဒ်ထွက်ပေါ်အပြီး ဒေသခံတောင်သူလယ်သမား များထံ ဖြန့်ဝေပေးရေး အစီအစဥ် အတွက် တက္ကသိုလ်မှာပင် ဟောပြောပွဲများ(၃)ကြိမ်တိုင် ကျင်းပပေးခဲ့သည့် နည်းတူ ပဲခူးတိုင်း အရှေ့ခြမ်း ကို မိမိတို့အစီအစဥ်ဖြင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကျင်းပပေးခဲ့သည်။ ပဲခူးတိုင်းအနောက်ခြမ်းကိုမူ ယခင်အစိုးရလက်ထက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးဝင်းတင်၏ အစီ အစဥ်ဖြင့်ဆောင်ရွက်ခဲ့ရပါသည်။ မိမိဘဝအတွက် ဥက္ကဌ၏ သုတေသန အပေါ် စိတ်ဝင်စားမှု နှင့် စိတ်ရင်းဖြင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကို မိမိတစ်သက်မေ့နိုင်မည်မဟုတ်ပါ။ တက္ကသိုလ်တွင် ကျင်းပသည့် သုတေသနရလဒ် များကို ဖြန့်ဝေသည့်ဟောပြောပွဲများတွင် သုတေသန အတွက် တောင်သူသို့ပေးအပ်မည့် လက်ကမ်းစာစောင် များ၊ ယင်းစိုက်ပျိုးနည်း အတွက် မိမိတို့သုတေသနမှ ထွက်ပေါ်လာသည့် သင့်လျော်သည့် စပါးမျိုးနှင့် ယင်းစိုက်ပျိုး နည်း ဆောင်ရွက်ရာတွင်မရှိမဖြစ်လိုအပ်သည့် ပေါင်း တွန်းကိရိယာများ နှင့် တက်ရောက်သူ တောင်သူ လယ်သမားများအတွက် ကျွေးမွေးစရိတ်ကုန်ကျငွေများအတွက် ဒုတိယအကြိမ် စေတနာ မျှဝေခြင်း ကို ကျပ်သိန်း ၅၀ခန့်ရရှိဆောင်ရွက်ခဲ့ပါသည်။ မြို့မိ၊မြို့ဖများနှင့် တက္ကသိုလ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းလာရောက်လုပ်ကိုင်သူတို့ကပါ လှူဒါန်းပါဝင်ခဲ့ကြပါသည်။

တတိယအကြိမ်စေတနာမျှ‌ဝေခြင်းကိုမိမိလက်ရှိတာဝန်ထမ်းဆောင်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။ တစ်ခုသောနေ့ရက် ပြည်သူ့ လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းမှုတစ်ခုကို ဖြေကြားအပြီး ယခုနှစ် အတွင်း ဘဏ္ဍာငွေရရှိမှုမရှိ သည့် အတွက် ဆောင်ရွက်ပေးနိုင်မှုမရှိကြောင်းဖြေကြားအပြီး ဝန်ကြီး ဌာနအတွင်းဆောင်ရွက်သည့် မျှဝေခြင်း အစီအစဥ်ကို မိတ်ဆက်မိသည်။ ယင်းစေတနာ မျှဝေခြင်း အစီအစဥ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်းနှင့် လူတစ်ဦး ချင်းစီ၏ လ္ဘက်ရည်ဖိုးမျှ ပါဝင် ခြင်း၊ လူအများစုပေါင်းပါဝင်ခြင်းဖြင့် ဆောင်ရွက်သော အစီအစဥ်ကို တင်ပြ ခဲ့မိပါသည်။ လွှတ်တော်အမေးအဖြေတွင် အချိန်ကန့်သတ်ချက်ရှိပါသည်။ မေးခွန်းဖြေအပြီး ပြောရသဖြင့် လိုရင်း ကိုချုပ်၍ ပြောရသည်။ ယင်းနေ့သည် မိမိအတွက် အမှတ်ရစရာ နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ညနေတွင် ပြည်ထောင်စုဝန်ကြီး(လယ်/ဆည်)က လွှတ်တော်တွင် လ္ဘက်ရည်တစ်ခွက် လျှော့သောက် ပါ ဟု ပြောကြောင်း သတင်းမှားတက်လာပါသည်။ ဆိုးထဲကအကောင်းဖြစ်ပါသည်။ နောက်ရက် အမျိုးသားလွှတ်တော်သို့ တက် ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းမဖြေကြားမီ အမျိုးသားလွှတ်တော်ဥက္ကဌ ကြီးထံခွင့်ပန်၍ ဝန်ကြီးဌာန၏ မျှဝေခြင်းကို တင်ပြခွင့်ရခဲ့ပါသည်။ နောင်တွင် အမျိုးသားလွှတ်တော်ဥက္ကဌကြီး ကိုယ်တိုင်ပင် မျှဝေခြင်း အစီအစဥ်၏ ရေအလှူရှင်တစ်ဦးဖြစ်ခဲ့ပါသည်။

စေတနာ မျှဝေခြင်း

          ဌာနတွင်းစတင်ဆောင်ရွက်ခဲ့သည့် စေတနာမျှဝေခြင်းအစီအစဥ်ပါ ဖော်ပြချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မျှဝေခြင်း

          လုပ်ဖော်ကိုင်ဘက် ညီအစ်ကို မောင်နှစ်မ ရောင်းရင်းများသို့  “မျှဝေခြင်း” အစီအစဥ်လေး၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြအပ်ပါတယ်။

            မျှဝေခြင်း အစီအစဥ် ၏ အဓိကရည်ရွယ်ချက်မှာ မိမိ၏ ပိုလျှံသော/ အပိုသုံးငွေများကို အမှန် တကယ်လိုအပ်ချက်ရှိနေသော သူများအတွက် မိမိတတ်စွမ်းသရွေ့ ကူညီဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်။          လူတစ်ဦး၏ အနည်းငယ်သော ငွေကြေးပါဝင်မှု နှင့် လူအများ၏ ပါဝင်မှု(mass participation) တို့ကိုပေါင်းစပ်၍ ဆောင်ရွက်သည့် နည်းပင်ဖြစ်ပါတယ်။

            မျှဝေခြင်း အစီအစဥ်၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်၊ လူမှုရေး လိုအပ်ချက်များဖြစ်သည့် ရေတွင်း၊ ရေကန်တူးဖော်ခြင်းစသည့် သောက်သုံးရေး ဆိုင်ရာ ကိစ္စရပ်များ လမ်းပန်း ဆက်သွယ်မှု လုံခြုံချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များကို တစ်တပ် တစ်အား ပါဝင်ကူညီဆောင်ရွက်မှာဖြစ်ပြီး ကမ္ဘာတွင် ရက်ရောမှု အရှိဆုံးအနေဖြင့် ရပ်တည်လျက် ရှိသော စိတ်သဘောကောင်းမြတ်ခြင်း(generosity) ဆိုသည့် မြန်မာ့ဂုဏ်ကို မြှင့်တင်ပြီး အမှန်တကယ်လိုအပ်သော နေရာများအတွက် ကူညီဆောင်ရွက်ပေးသွားဖို့ ဖြစ်ပါတယ်။

            မျှဝေခြင်း အစီအစဥ်သို့ ထည့်ဝင်လှူဒါန်းမှုသည် မည်သည့် တွန်းအားပေးမှုမျှ ပါဝင် ခြင်းမရှိဘဲ မိမိတစ်ဦးချင်းစီ ၏ စေတနာ သဒ္ဓါတရားထက်သန်မှုအရသာ ဆုံးဖြတ် ထည့်ဝင် ကူညီပေး သည့် အစီအစဥ် တစ်ရပ်ဖြစ်ပါတယ်။ တစ်နှစ်တာကာလအတွင်း တစ်ကြိမ်ခန့် မျှဝေခြင်းဖြင့်ပင် လိုအပ်ချက် ရှိသူများအတွက် အမှန်တကယ်အကျိုးများစေမှာဖြစ်တဲ့အတွက် မိမိဆန္ဒနှင့် အညီ ပါဝင်ဆောင်ရွက်ဖို့ အသိပေးအပ်ပါတယ်။

                                                           စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  

ဟု ဖြစ်ပါသည်။

မျှဝေခြင်းအစီအစဥ်အတွက် ပါဝင်လှူဒါန်းငွေများကို ကျန်းမာရေး၊ ပညာရေး နှင့် လူမှုရေးလိုအပ်မှုများ အတွက် ဆောင်ရွက်ရာတွင် အောက်ပါအချက်များပေါ်တွင် အခြေခံ၍ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ချမှတ်ခဲ့ပါသည်။ ယင်းအချက်များမှာ

(က) အမှန်တကယ်လိုအပ်ချက်ရှိသောနေရာဖြစ်ခြင်း၊

(ခ) နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုငွေအရ လက်ရှိအခြေအနေတွင် ပါဝင်ခြင်းမရှိသော ကိစ္စရပ်ဖြစ်ပြီး အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန်လိုအပ်ခြင်း၊

(ဂ) တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အများအကျိုးကို ဖြစ်ထွန်းစေခြင်း

(ဃ) သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ပြန်လည်ထူထောင်ရန် အခက်အခဲ ဖြစ်ပေါ် လျက် ရှိသော နေရာဖြစ်ခြင်း

(င) ဘဝနေထိုင်ရေးအတွက် အမှန်တကယ်လိုအပ်သည့် ကိစ္စရပ်ဖြစ်ခြင်း၊

(စ) ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံချက်များ အကောင် အထည် ဖော် ရေးအတွက် အထောက်အပံ့ဖြစ်စေခြင်း တို့ဖြစ်ပါသည်။

စေတနာရေစီး၊ ကမ်းပြိုတဲ့ မျှဝေခြင်း

          ဤသို့ဖြင့် စေတနာမျှဝေခြင်းသည် တောင်ငူတက္ကသိုလ်တွင် ဝန်ထမ်း (၄၀၀)ကျော်ဖြင့် စတင်ခဲ့သည့် အဆင့်မှ ဝန်ကြီးဌာန ဝန်ထမ်း ခြောက်သောင်းခန့်ဖြင့် ဆောင်ရွက်သည့် အဆင့်သို့ တက်လှမ်းခဲ့ပါသည်။ အလှူ ရှင်များ ဂုဏ်ပြုသည့်နေ့တွင် မိမိဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများ အပါ အဝင် စေတနာရှင် အလှူရှင်များက လှူဒါန်းရန် စာရင်းပေးသွင်းခဲ့မှုများမှာ အားရဖွယ်ပင် ဖြစ်သည်။ ယင်းအတွက် စာရင်းချုပ် လှူဒါန်း ငွေပေါင်း မှာကျပ် ၁၃၇၅၇ . ၀၅ သိန်း ဖြစ်ပါသည်။ ယင်းလှူဒါန်းငွေကို အသုံးပြုပြီး လုပ်ငန်းပေါင်း(၁၀၆)ခု ကိုဆောင်ရွက် နိုင်ခဲ့ပါသည်။လုပ်ငန်း ဆောင်ရွက်ရာတွင်တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးပါဝင်ပါဝင်စေရန် အစီအစဥ် များ ချမှတ် ဆောင်ရွက်ခဲ့ပါသည်။

ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စ အရှုပ်အရှင်းကင်းစေရန် မိမိဝန်ကြီးဌာနမှ လှူဒါန်းငွေမှ တစ်ပါး သက်ဆိုင် ရာပုဂ္ဂိုလ် တို့၏ လှူဒါန်းမှုများကို အလှူရှင်မှ အလှူခံသည့် ကျေးလက် ပြည်သူများ ရှေ့မှောက်တွင် တိုက်ရိုက် ပေးချေသည့်စနစ်ကို အသုံးပြုစေခဲ့သည်။ ယင်းမတိုင်မီ ကြိုတင် အသုံးစရိတ်ကိုမူ ဌာနတွင်း ကောက်ခံရရှိငွေမှ စိုက်ထုတ် သုံးစွဲခဲ့ပါသည်။

ယနေ့အထိ ဆောင်ရွက်ပြီး လုပ်ငန်းအမျိုးအစားများ

၂၀၁၆ ခုနှစ်က စတင်ခဲ့သော စေတနာမျှဝေခြင်း၏ လုပ်ငန်းအစုစုတို့မှာ သောက်သုံးရေ စက်ရေတွင်း တူးဖော်ခြင်း၊ သောက်သုံးရေကန် ပြုပြင်ခြင်းနှင့် အသစ်တူးဖော်ခြင်း၊ သောက်ရေ သန့် စက်လှူဒါန်းခြင်း၊ ရေစု ကန်တည်ဆောက်ခြင်း၊ စိမ့်စမ်းရေးသွယ်ယူခြင်းနှင့် အုတ်ရေကန် တည်ဆောက်ခြင်း၊သောက်သုံးရေကန်များအား နွေရာသီရေခမ်းသက်သာ စေရန် ဇာစိမ်းစဖုံးအုပ် ပေးခြင်း(ရသေ့တောင်မြို့နယ်)၊ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လယ်မြေများအား ပြန်လည်ပြု ပြင်ခြင်း နှင့် ရေပေးမြောင်း၊ ရေနုတ် မြောင်းများတူးဖော် ပေးခြင်း၊ ဘောလုံးကွင်း တိုးချဲ့ပြုပြင်ခြင်း(ခိုင်ကမ်းမြို့)၊ သွပ်ဆူးကြိုးဖြင့်ခြံစည်းရိုးကာရံခြင်း၊ လယ်ယာမြေ အသစ် ဖော်ထုတ် ခြင်းနှင့်လယ်ထွန်စက်လှူဒါန်းခြင်း(နာဂဒေသ)၊ ကျေးရွာခြင်း ဆက်လမ်းနှင့် အဝင်လမ်း များ ပြုပြင်ခြင်း၊ လယ်သမားတာ ပြန်လည်ပြုပြင်ခြင်း၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ကာရံခြင်း၊ မူလတန်းကျောင်း ဆောင်သစ် နှင့် တက္ကသိုလ်ပန်းခြံများ တည်ဆောက် ပြုပြင်ခြင်း(ရန်ကုန်တက္ကသိုလ် ကံ့ကော်တောနှင့် ကံ့ကော် ဥယျာဥ်အပါအဝင်) တို့ဖြစ်ပါသည်။

အလှူဒါနပြုကြသူများ

          စေတနာမျှဝေခြင်းအစီအစဥ်တွင် ပါဝင်လှူဒါန်းသူများမှာ သာသနာဝန်ထမ်း ဆရာတော် ကြီးများ၊ နိုင်ငံ တော်အကြီးအကဲများ၊ လုပ်ငန်းရှင်ကြီး များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ထမ်းများ နှင့်ယင်းတို့၏မိသားစုများ၊ တက္ကသိုလ် များမှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဆရာဆရာမများ(လက်ရှိနှင့် အငြိမ်းစား ယူပြီးသူများ)၊ အရပ်ဖက်မှ တစ်ဦးချင်း အလှူရှင်များစသည်တို့ဖြင့် အရောင်အသွေးစုံပါဝင်ခဲ့ပါသည်။ မိမိ၏ သူငယ်ချင်း မိတ်ရင်းများဖြစ်သည့် အခြေခံ သိပ္ပံပညာချွန်ဆုရကျောင်းသားဟောင်းများအနေဖြင့်လည်း နှစ်စဥ် ပင်ပါဝင် လှူဒါန်းခဲ့ပါသည်။ လုပ်အားဒါန နှင့် နည်းပညာ အလှူရှင်များမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများအဓိကဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများလည်း လိုအပ်လျှင် လိုအပ်သလို အားဖြည့်ပါဝင်ခဲ့ပါသည်။ မိမိအနေဖြင့်မူ အလှူရှင်များစာရင်းတွင် မိမိ၏ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပါဝင်ခဲ့သည်ဟုပင်ဆိုချင်ပါသည်။ အကြောင်းမှာ မိမိတို့လှူဒါန်းမှုအစုစုအတွက် ဆောင် ရွက်ရာတွင် အသုံးပြုသော လုပ်ငန်းသုံး ပစ္စည်းများသည် ဝန်ကြီးဌာနပိုင်စက်ယန္တရားများ ဖြစ်ပါသည်။ နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်ပါသည်။ တို့ပြည်သူအားလုံးပိုင်ဆိုင်သည့် ပစ္စည်းဖြစ်ပါသည်။ မိမိတို့၏ ပင်မတာဝန်ကို ထမ်းဆောင်ရင်း နိုင်ငံတော်၏ ခွင့်ပြုငွေဘောင်အတွင်းမှ အကန့်အသတ်နှင့်သာ သုံးစွဲရသဖြင့် ကျန်လိုအပ်ချက် အစုစုကို စေတနာ မျှဝေခြင်း အစီအစဥ်ဖြင့်ဆောင်ရွက်ခဲ့ရာတွင် မြင်ရမမြင်ရသော သက်ဆိုင်မှု များမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးဖြစ်နေပါသည်။ အားလုံး သာဓုအနု မောဓနာ ခေါ်ယူကြစေ လိုပါသည်။ ထူးခြားမှု တစ်ခုမှာ ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုဖြင့် မျှဝေခြင်းအစီအစဥ်ကို ဆောင်ရွက်စဥ်ကာလ အတွင်းတွင် လှူဒါန်းမည့် စေတနာအလှူရှင် အသစ် တစ်ဦး မကြာခဏ ထွက်ပေါ်နေခြင်းဖြစ်သည်။ ကမ္ဘာတွင် ရက်ရောမှု အရှိဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်သည့် သက်သေတစ်ခုအဖြစ်ဖေါ်ပြသည့် မိမိတို့ နိုင်ငံသူ၊ နိုင်ငံသားတို့ ၏ ဂုဏ်ပြု အပ်သော စိတ်နေသဘောထားဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်က တကြိမ်မျှလှူဒါန်းခဲ့မှု အစုစုသည် လက်ရှိ အစိုးရသက်တမ်းကုန်ဆုံးသည့်တိုင် သုံးမကုန်ဖြစ်ရပါသည်။ သို့ဖြစ်ပါ၍ မိမိအနေဖြင့် မိမိတို့နိုင်ငံသူ နိုင်ငံသား များ၏ စေတနာကို အောက်ပါကဗျာဖြင့် ဂုဏ်ပြုပြီး ကမ္ဘာ့ အရက်ရောဆုံး နိုင်ငံတွင် လူဖြစ်လာရမှုကို မိမိအနေ ဖြင့်  အစဥ်ဂုဏ်ယူနေမိကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

စေတနာမျှဝေခြင်း

သဲစေ့သဲပွင့်၊ စုသဖြင့်လျင်

လှတင့်ကမ္ဘာ၊ ဖြစ်၍လာဟု

စဥ်သာရှေးထုံး၊ မှတ်ယူသုံး။

မူးစုပဲစု၊ တို့တွေစုပြီး

လူမှုဖြာဖြာ၊ တို့ပြည်သာဖို့

ပြည်ရွာအကျိုး၊ ရည်သယ်ပိုးလို့

တစ်မျိုးစိတ်ထား၊ သဒ္ဓါပွား။

နဲများမဟူ၊ တို့တွေကူပြီး

စိတ်တူကိုယ်မျှ၊ တူတကွနှင့်

ဒါနကောင်းမှု၊ စဥ်ပေါင်းစုကာ

ရေကန်သာနှင့်၊ မကွာထပ်လောင်း

ကျောင်းတန်ဆောင်းနှင့်၊ ဆင့်ပေါင်းစုံလင်

တွင်း၊ ရေစင် နှင့်၊ ဘဝင်ကြည်နူး

စိတ်ရွှင်မြူးပြီး၊ ကြည်နူးလက်ခံ

သူတို့ဟန်ကို၊ မြင်ပြန်ကြုံရ

သည်ခဏဝယ်၊ ရင်ကလှိုက်လဲ

ဖြစ်တုံခဲမို့၊ အမြဲပြုနိုင်

တောင်းဆုတိုင်သည်၊ စွဲခိုင်စိတ်ရင်း

ရင်တွင်း ဖြစ်လာ၊ စေတနာ။   ။

                                    (မောင်ဇေယျ)