ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၁၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

အရည်အသွေးကောင်း မျိုးသစ်များ ထုတ်လုပ်နိုင်ရေးသည် အရေးကြီးသကဲ့သို့ ထုတ်လုပ်ပြီးသော မျိုးသစ်များ၏ မျိုးစေ့စံချိန်စံညွှန်းများ ပြည့်မီရန် ၊ မျိုးစေ့လုပ်ငန်းများ စနစ်တကျရှိစေရန်၊ မျိုးစေ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကြီးကြပ်ဆောင်ရွက် နိုင်ရန်သည်လည်း အရေးကြီးသော လုပ်ငန်းစဉ်တခုဖြစ်ပါကြောင်း၊ သီးနှံမျိုးကောင်းမျိုးသစ်များ တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် နိုင်ငံတော်ပိုင်းမှ ပညာရှင်များ၊ ပုဂ္ဂလိကအခန်းကဏ္ဍမှ မျိုးစေ့ ကုမ္ပဏီများ၊ မျိုးစေ့ထုတ် အဖွဲ့ အစည်းများနှင့် လက်တွေ့ စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူ လယ်သမားများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း နိုဝင်ဘာလ () ရက် နံနက်ပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏  (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြား သည်။

အစည်းအဝေး သို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယဥက္ကဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ကော်မတီဝင်များ ၊ သီးနှံကျွမ်းကျင် ပညာရှင်များ က သက်ဆိုင်ရာ ဒေသ အသီးသီးတို့မှ Zoom Application အသုံးပြု၍ ပါဝင် တက်ရောက်ကြပြီး မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ က အဖွင့်အမှာစကား ပြောကြား သည်။

ဆက်လက်၍ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပုဂ္ဂလိက မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် မျိုးစေ့ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှု တိုးတက် လာစေရေး အားပေးကူညီဆောင်ရွက်ရန် ၊ နည်းပညာများ ဖြန့်ဝေပေးနိုင်ရေး နှင့် သတင်း အချက်အလက်များ ဖြန့်ဝေပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊  မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ က စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် တင်ပြလာသည့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း တင်ပြကြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်း တစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ ကြသည်။

လယ်ယာကဏ္ဍတွင် စီးပွားရေးတွက်ခြေကိုက်ပြီး အထွက်နှုန်းကောင်းမွန်သော ဒေသနှင့် ကိုက်ညီဖြစ်ထွန်းမှုရှိသည့် သီးနှံမျိုးကောင်းမျိုးသန့်များကို အသုံးပြု စိုက်ပျိုးခြင်းဖြင့် တောင်သူ လယ်သမားများ၏ ဝင်ငွေတိုးတက်ရေး ၊ ပြည်သူလူထု၏ စားနပ်ရိက္ခာ ဖူလုံရေး တို့ကို တပြိုင် နက် တည်း ရရှိခံစားနိုင်ကြမည်ဖြစ်ရာ အရည်အသွေး ကောင်းသီးနှံ မျိုးကောင်း မျိုးသန့် များ ရရှိရေးအတွက် မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူး ရောင်းချ ခြင်း လုပ်ငန်းများကို အပင်မျိုးသစ် ကာကွယ်ပေးရေး ဥပဒေ Plant Variety Protection Law ၊ မျိုးစေ့ဥပဒေ  Seed Law ၊ အပင်ပိုးမွှားကာကွယ်သည့် ဥပဒေ Plant Pest Quarantine Law စသည့် ဥပဒေများနှင့်အညီ စိစစ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ဥပဒေလုပ်ထုံး လုပ်နည်းများ နှင့်အညီ  သီးနှံကျွမ်းကျင် ပညာရှင်များ နှင့် မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ တို့၏ အဆင့်ဆင့်စိစစ်ပြီးဖြစ်သည့် သဘောထားမှတ်ချက်ဖြင့် တင်ပြချက်များ အရ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ က သီးနှံမျိုးစေ့ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေး လုပ်ငန်း များကို ဆောင်ရွက်ခဲ့ရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၁၆) ကြိမ်မြောက် အစည်း အဝေးအထိ သီးနှံ(၆၀) မျိုး၏ မျိုးကွဲ (၉၆၉) မျိုးနှင့် မိဘမျိုးလိုင်း (၁၃၆) လိုင်း၊ စုစုပေါင်း (၁၁၀၅) မျိုး တို့ကို အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ၊ ယနေ့ကျင်းပသည့် (၁၇) ကြိမ်မြောက် အစည်းအဝေးတွင် စမ်းသပ်စိုက်ပျိုး သီးနှံ (၁၀) မျိုး၏ မျိုးသစ်မျိုးကွဲ (၅၉) မျိုး၊ Documents သီးနှံ (၂၇)မျိုး၏ မျိုးသစ်မျိုးကွဲ (၈၀)မျိုး၊ မိဘမျိုးလိုင်း အစုံ (၅)စုံ တို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး၊ စမ်းသပ်စိုက်ပျိုးစစ်ဆေးရန် လိုအပ်သည့် သီးနှံမျိုး အုပ်စု(၁၇)ခုမှ (၄)ခု စမ်းသပ် စစ်ဆေးခြင်းအား ဖြေလျော့၍ သီးနှံမျိုးအုပ်စု (၁၃)ခုသာ စမ်းသပ် စိုက်ပျိုးသွားရန်နှင့် အခြားသီးနှံအုပ်စုများအား Documents များဖြင့်သာ စိစစ်၍ မျိုးစေ့ အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ရေး၊ မြန်မာ့ဒေသမျိုးရင်းများအား National Significant Crops များ အဖြစ် သတ်မှတ်အကာအကွယ်ပေးနိုင်ရေးအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်း နှင့် ဆောင်ရွက်ရမည့်အစီအစဉ်များရေးဆွဲ၍ မူဝါဒတစ်ခု သတ်မှတ်ပြဌာန်းနိုင်ရေး ဆိုင်ရာ ကိစ္စရပ် များ အား ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။