သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

 မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေး ကျင်းပ။

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ  ၅ ရက်နေ့ နံနက်ပိုင်းက Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

မြေသြဇာဆိုင်ရာနည်းပညာအဖွဲ့ ဥက္ကဌ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာစကားပြောကြားရာ၌ လျှောက်ထားလာသည့် မြေသြဇာ မှတ်ပုံတင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များ တွင် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များ၊ ထပ်မံ ဖြည့်စွက်သင့်သည်များရှိပါက ယခုအစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးကြစေ လို ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် စစ်ဆေးရေး အဖွဲ့များ အနေဖြင့် သိုလှောင်ရုံ တစ်ခုလျင် သိုလှောင် လိုင်စင်တစ်ခု လျှောက်ထားလာသည့် လုပ်ငန်းများအပေါ် မြေပြင် ကွင်းဆင်း စစ်ဆေးပြီး သိုလှောင်လိုင်စင် ထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ နည်းပညာ အဖွဲ့အစည်းအဝေးများတွင် စိုက်ပျိုးရေး အငြိမ်းစား ပညာရှင်များ၊ ပြင်ပ ကျွမ်းကျင်သူ ပညာရှင် များအား ဖိတ်ကြား၍ နည်းပညာပိုင်း ဆိုင်ရာများကို ဆွေးနွေးသင့် ပါကြောင်း၊ နည်းပညာအဖွဲ့ ၏ နည်းပညာပိုင်းဆိုင်ရာ  ထောက်ခံ တင်ပြ ချက်များကို မြေဩဇာကော်မတီက ဆုံးဖြတ်ရသည့် အတွက် နည်းပညာ ပိုင်းအရ လိုအပ် ချက်များ၊ ထပ်မံဖြည့်စွက်သင့်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုရန် အတွက် နည်းပညာ အဖွဲ့ဝင်အချို့ကိုလည်း မြေဩဇာကော်မတီ အစည်းအဝေးသို့ တက်ရောက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နည်းပညာဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့် က မြေသြဇာကော်မတီ၏ အမိန့်ကြော်ငြာစာ ၅/၂၀၂၀ အရ Ammonium Nitrate ကို အခြေပြုသော ကွန်ပေါင်းများတွင် နိုက်ထရိုဂျင် ၂၈ ရာခိုင်နှုန်း အထက်ရှိ မြေသြဇာများကို တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးခွင့် တားမြစ် ပိတ်ပင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တင်ပြလာ သည့် မှတ်ပုံတင်လိုင်စင်နှင့် သိုလှောင် လိုင်စင် များအပေါ် ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြရာ နည်းပညာ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြသည်။

မြေသြဇာမှတ်ပုံတင်လျှောက်ထားခြင်း၊ သိုလှောင်လိုင်စင် လျှောက်ထားခြင်းနှင့် သွင်းကုန် လိုင်စင်လျှောက်ထားခြင်းတို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက် ပေး ခြင်း လုပ်ငန်းများအတွက် On Line စနစ်ဖြင့် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုကျယ်ပြန့်စွာသုံးစွဲနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည်။ ယနေ့အစည်းအဝေးတွင် (၃၁)ကြိမ်မြောက် မြေသြဇာကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ မြေသြဇာများကို တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူးခွင့် တားမြစ် ပိတ်ပင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြေသြဇာ မှတ်ပုံ တင်လျှောက်ထား လာသည့် လျှောက်လွှာ (၃၆၆)စောင်၊ သိုလှောင်လိုင်စင် (၂၂၁)စောင် တို့အား မြေသြဇာဥပဒေနှင့်အညီ ခွင့်ပြုရန် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။