သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးလက်ဒေသအခြေပြု သီးနှံ အခြောက်ခံ စက်များနှင့် သီးနှံ သိုလှောင်ရုံများ တည်ဆောက် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

          ဆန်စပါးနှင့် လယ်ယာထွက်ကုန်များ အရည်အသွေးမြှင့်တင်နိုင်ရေး၊ ရိတ်သိမ်းချိန်လွန် ကာလ သီးနှံများ၏ အရည်အသွေး ကျဆင်းမှု နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေး တို့ အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က အဆိုပြုတင်ပြလာသော “ကျေးလက်ဒေသ အခြေပြု သီးနှံ အခြောက်ခံစက်များနှင့် သီးနှံ သိုလှောင်ရုံများ တည်ဆောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ”ကို နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းက Web Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စီမံကိန်းဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ နှင့် သက်ဆိုင်ရာ ဒေသအသီးသီးတို့မှ တာဝန်ရှိသူများ က Zoom Application အသုံးပြု၍ ပါဝင် တက်ရောက်ကြသည်။

          ဆွေးနွေးပွဲတွင် စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် လိုအပ်သောရန်ပုံငွေနှင့်  ပြည်ပ ချေးငွေရရှိရေးအတွက် ဆောင်ရွက်ခြင်းအစီအစဉ်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘော ထား မှတ်ချက်များနှင့် အကြံပြုချက်များ ၊ စီမံကိန်း၏ အကျိုးသက်ရောက်နိုင်မှု အလား အလာများ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေများနှင့် အညီ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တွေ့ကြုံရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ၄င်းစိန်ခေါ်မှုများတို့ကို လျှော့ချ ဖြေရှင်းမည့် နည်းလမ်း များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေးထွက်ကုန်များ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ချရန်၊ အရည်အသွေး မြှင့်တင်ရန်၊ အမျိုးသားပို့ကုန်မဟာဗျူဟာအား အထောက်အကူပြုရန်နှင့် MSMEs လုပ်ငန်းရှင်များ ၏ စွမ်းဆောင်ရည်တိုးတက်ရန် တို့အတွက် မျှော်မှန်းဆောင်ရွက်မည့် အဆိုပါ စီမံကိန်းတွင် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံစသည့် သီးနှံများအတွက် သီးနှံအခြောက်ခံ စက်များနှင့် သီးနှံသိုလှောင်ရုံများ တည်ဆောက်ရန်စီစဉ်ထားကာ နိုင်ငံတော် အစီအစဉ် မ,တည်‌ငွေ ၊ တောင်သူအစုအဖွဲ့ထည့်ဝင်ငွေ နှင့် အတိုးနှုန်း သက်သာသော နိုင်ငံတကာ ချေးငွေတို့ဖြင့် ဆောင်ရွက်သွားရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှု၊ နည်းပညာ ပူးပေါင်းမှုတို့ဖြင့်  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ပုဂ္ဂလိကကဏ္ဍ၏ ဦးဆောင်မှုဖြင့် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။