ဦးစီးဌာနသတင်းများ

အကြမ်းဖက်မှုဒဏ်ခံရသော ဒေသအတွင်း နေထိုင်သူများ အတွက် စိုက်ပျိုးရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ဆိုင်ရာ မှတ်တမ်းများ ရှင်းလင်းဆွေးနွေးခြင်း နှင့် သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံအတွင်း ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုဒဏ်ခံရသော ဒေသအတွင်း နေထိုင်သူများ အတွက် စိုက်ပျိုးရေး လုပ်ငန်းများနှင့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ဖွံ့ဖြိုးရေးစီမံကိန်း ဆိုင်ရာ မှတ်တမ်းများ ရှင်းလင်းဆွေးနွေးခြင်း နှင့် သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနား Virtual Meetings စနစ်ဖြင့် ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့ ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုဒဏ်ခံရသော ဒေသအတွင်း နေထိုင်သူများ အတွက် စိုက်ပျိုးရေး လုပ်ငန်းများနှင့် လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ဖွံ့ဖြိုးရေးစီမံကိန်း ဆိုင်ရာ မှတ်တမ်းများ ရှင်းလင်း ဆွေးနွေးခြင်း နှင့် သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို  နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက Virtual Meetings စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာရဲတင့်ထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာရဲထွန်းဝင်း ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်  Mr. Stephan Pierre Sakalian ၊ စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်များနှင့် ICRC ဌာနေကိုယ်စားလှယ် တို့က စီမံကိန်းဆိုင်ရာ မှတ်တမ်းပါအချက်များအား ရှင်းလင်းပြောကြားကြပြီး အဆိုပါ မှတ်တမ်းများအပေါ် သဘော တူညီကြောင်း မှတ်တမ်းတင် လက်မှတ်ရေးထိုး ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခ သို့မဟုတ် အကြမ်းဖက်မှုဒဏ်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ခံစား နေကြရသော ဒေသအတွင်း နေထိုင်သူများ အတွက် ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိရန် နှင့် အာဟာရပြည့်ဝမှု တိုးတက်ရန် အတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းဝန်ဆောင်မှုများနှင့် လုပ်ငန်း အထောက်အကူပြု ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း မှတဆင့် လယ်ယာလုပ်ငန်း လုပ်ကိုင် သည့် အိမ်ထောင်စု၏ ဝင်ငွေတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ကချင်ပြည်နယ် ဝိုင်းမော် ၊ မြစ်ကြီးနား ၊ ရခိုင်ပြည်နယ် ရသေ့တောင် ၊ မင်းပြား နှင့် ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင် ဒေသများတွင် စီမံကိန်းကာလ (၂)နှစ် သတ်မှတ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်း မျိုးမြှင့်တင်ပေးခြင်း မေထုန်မဲ့သားစပ်ပေးခြင်း နှင့် ဝန်ဆောင်မှု ထောက်ပံ့ပေးခြင်း တို့ဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊  စီမံကိန်းကြောင့်  အဆိုပါဒေသရှိ ပြည်သူများ အတွက် စိုက်ပျိုးရေး သွင်းအားစုများ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများသုံးစွဲ လုပ်ကိုင်မှု အလေ့အထများ၊ စိုက်ပျိုးရေပေးဝေမှုစနစ်များ ကောင်းမွန် လာမည်ဖြစ်ပြီး စျေးကွက် ဖော်ဆောင်ခြင်းလုပ်ငန်း အရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်း မှတဆင့်  ထုတ်လုပ်သူ နှင့် စားသုံးသူများ ပိုမိုအဆင်ပြေလာစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြောင်းလဲ သက်ရောက်လာသော ရာသီဥတုနှင့်လိုက်လျောညီထွေမှုရှိသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ရေရှည်တည်တံ့စွာ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သတင်း ရရှိသည်။