ဆောင်းပါး

“သမဝါယမအသင်းဆိုရာဝယ်”

            သမဝါယမအပေါ် အကောင်းမမြင်တဲ့ လှိုင်းဂယက်က ယနေ့တိုင် ထန်နေဆဲပါ။ အရိပ်မဲရဲ့ ဝဲဂယက်ထဲ မျောပါနေကြရပြီး အားမလျော့ဘဲ ဇွဲမာန်တင်း၍ ရုန်းကန်နေကြသူ ပစ္ခက္ခ သမဝါယမ လောကသားများအဖို့ အကောင်းမမြင်သူတွေကို ခွန်းတုံ့ပြန်ဖို့ဆိုတာကလည်း ဘဲအုပ် ကတစ်ရာ နှစ်ရာ မဗေဒါက တစ်ယောက်(ပင်)တည်းဆိုသလိုများဖြစ်နေရောလား။ တစ်ချို့က အကောင်း မမြင်ရုံတင် မဟုတ် အဆိုးမြင်၊ ပုတ်ခတ်၊ ပျက်စီးပျောက်ကွယ်သွားစေ လိုသော စိတ်ဆန္ဒ ရှိသူ များလည်း ရှိနေမှာကို ငြင်းဖွယ်မရှိပါ။ ခက်တာက “သမဝါယမ” ခင်ဗျာလည်း အရေထူနေပြီလား ပဲဟု တစ်ခါတစ်ရံ မှတ်ချက် ပြုမိသည်။ သမဝါယမကတော့ လူမျိုး-ဘာသာ၊ အရောင်-အသွေး၊ ကျား-မ၊ ဆင်းရဲ ချမ်းသာ မခွဲခြားဘဲ အကောင်းမြင်သူ၊ အဆိုးမြင်သူ၊ ဝေဖန်ကဲ့ရဲ့ အတိမ်အနက် ဂဃနဏ မသိသေးသောသူတွေအပေါ် ကိုတော့ ယနေ့ထိတိုင် အကောင်းမြင်တဲ့ဘက်က ကြိုဆို နေဆဲပါ။ အဆိုးထဲက အကောင်းကိုရှာဖွေပြီး ကောင်းနိုး ရာရာတွေကို ချီမွမ်းထောပနာပြုဖို့ နေနေသာသာ သမဝါယမဆိုတဲ့ ဝေါဟာရကြားလိုက်ရုံနဲ့ အကောင်းမမြင်-အဆိုးထင်ဆိုတဲ့ လမ်းစဉ်ကိုများ လက်ကိုင်ထားနေကြသလားလို့လည်း မယိုးစွပ်ရဲပါ။

သမိုင်းတစ်ကွေ့မှာ မြန်မာ့သမဝါယမဟာ အစိုးရရဲ့ လက်ကိုင်တုတ်သဖွယ် အသုံးချခံခဲ့ ရတယ်လို့ အချို့ကလည်း ဆိုနေကြပြန်သေးသည်။ ကမ္ဘာမှာ အောင်မြင်တိုးတက်နေသည့် သမဝါယမ များသည် လွတ်လပ်ပွင့်လင်းမှုနဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိနေကြပါသည်။ နိုင်ငံအစိုးရများ ကလည်း သမဝါယမနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းမှုများအပါအဝင် ထောက်ပံ့ကူညီမှုများလည်း လက်မနှေးကြစတမ်းဆိုသကဲ့သို့ရှိနေပေသည်။ အမိမြန်မာနိုင်ငံတွင်(၂၂-၁၂-၁၉၉၂) ရက်နေ့တွင်ထုတ်ပြန် ထားသည့် “ သမဝါယမအသင်းဥပဒေ” သည် ကမ္ဘာ့သမဝါယမများနှင့် ရင်ဘောင်တန်းနိုင်ရန် ဈေးကွက် စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေရှိနေပြီး အသင်း၏လူမှု-စီးပွားရေးလုပ်ငန်းများကို အများ၏ ဆန္ဒဖြင့် ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ပေးထားကာ လွတ်လပ်ပွင့်လင်းမှုရှိနေသည်ကိုတွေ့ရပါသည်။ နိုင်ငံသားအသက် (၁၈) နှစ်ပြည့်ပြီး သတ်မှတ်အစုတန်ဖိုးထည့်ဝင်ကာ သမဝါယမအသင်းသားဖြစ် ခွင့်ရှိနေသည်ကိုလည်း အချို့သူများသိရှိမှုနည်း နေသေးသည်ဟု ထင်မိပါသည်။

စုပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရလိုသူများနှင့်အများအကျိုးထမ်းသယ်ပိုး လိုသူများ အတွက် အသင်းသားများအဖြစ်ပါဝင်ပြီး သမဝါယမအသင်းဖွဲ့စည်းထူထောင်ခွင့် ရှိနေပါသည်။ ဆန္ဒတူ သူဖြင့် အသင်းဖွဲ့စည်းခွင့်ရနေပြီး ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်၊ အထွေထွေစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကာ ရရှိအကျိုးအမြတ်များကို အသင်းတွင်ပါဝင်နေသူများသာ ခံစားခွင့်ရှိ နေခြင်းက တန်းတူ ညီမျှမှုနှင့် သာတူညီမျှမှုတို့ကို ရှေ့တန်းတင်ထားသည်ကလည်း ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီ နေပါသည်။ ၁၉၈၈ အရေးခင်းကာလနောက်ပိုင်း အသင်းများရဲ့ အသွင်ပြောင်းပုံသဏ္ဍာန်ကို လက်လှမ်း မမှီလိုက်သူများအတွက်  ဝေခွဲရခက်နေသည်များ လည်းရှိတန်ကောင်းပါသည်။ မပြီးဆုံးသေးတဲ့ ပန်းချီ ကား ကိုရေးဆွဲနေရတဲ့ သမဝါယမရုပ်ပုံလွှာက တည်ဆဲဥပဒေ၊ နည်းဥပဒေများနဲ့ ဖြေရှင်းနေသည့်တိုင် အများပြည်သူပိုင်၊ သမဝါယမအသင်းပိုင်ဟူ၍ အသေးစိပ်သိရှိသူများလည်း နည်းနေသေးသည်ဟု ထင်မှတ်မိပါသည်။ ဆိုရှယ်လစ်ခေတ်က သမဝါယမအမည်ခံ ပြည်သူပိုင်ပစ္စည်း တွေတစ်ခန်းရပ်ခဲ့တာ ၃၂ နှစ်ကျော်ကြာတိုင်ခဲ့ပြီ။ ကုန်သွယ်ရေးက လွှဲပြောင်းထားတဲ့ ပြည်သူ့ဆိုင်       (ယနေ့အခေါ် ပြည်သူ ပိုင်သိမ်း) မြေ/အဆောက်အဦ၊ အခန်းများကို အစိုးရကိုယ်စား သမဝါယမဦးစီးဌာနက လုပ်ထုံး၊ လုပ်နည်းနဲ့အညီ စီမံခန့်ခွဲပေးနေတာလောက်ပဲရှိမည်ထင်သည်။ ယနေ့ခေတ် သမဝါယမအသင်း အဆင့်ဆင့်ပိုင် ရွှေ့ပြောင်း၊ မရွှေ့ပြောင်းနိုင်သော ရင်းနှီးပစ္စည်းများသည် ပြည်သူပိုင် /အစိုးရပိုင် မဟုတ် တော့ဘဲ ယင်းအသင်းတို့တွင်ပါဝင်နေသူများသာ ပိုင်ဆိုင်နေသည်ဟု တည်ဆဲဉပဒေက သက်သေထူ ထားပါသည်။

အသင်းဖွဲ့မယ်ဆိုရင် ပြဋ္ဌာန်းချက်များနှင့်အညီ အသင်းစည်းကမ်းရေးဆွဲပြီး အရပ်ရပ် ဆိုင်ရာအစည်းအဝေး GM က အတည်ပြုကာ အသင်း၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများကို အသင်း ဦးဆောင်သူ BOD များအပါအဝင် အသင်းသားအားလုံးက သူ့တာ ကိုယ့်စည်း ပူးပေါင်း ဆောင်ရွက်ရသည့် အစုအဖွဲ့ဖြင့် လုပ်ဆောင်ရသည့်သဘောဖြစ်ပါသည်။ အနည်းဆုံး အခြေခံ သမဝါယမအသင်း (၃) သင်းက အသင်းစု၊ အသင်းစုများပါဝင်သော အသင်းစုချုပ်၊ အသင်းစုနှင့် စုချုပ်တို့ပါဝင်သော ဗဟိုသမဝါယမအသင်းဟူ၍ အဆင့်ဆင့်ဖွဲ့စည်းထားသည့် မြန်မာ့သမဝါယမ အသင်း ဖွဲ့စည်းမှုသည် ဘေးတိုက်အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ ရသလို အထက်-အောက် လည်း ဟန်ချက်ညီညီ ဝိုင်းကူလို့ရနေသည်ကို တွေ့ရပါသည်။ ဤတွင် အရေးဆိုဖွယ် ရှိလာနိုင်သည် “သမတွေ ဖွဲ့တော့ ဖွဲ့နေတာပဲ အောင်လည်းမအောင်မြင်ဘူး” အောင်မြင်ခြင်း/ မအောင်မြင်ဘူး ဟု ဆိုရ လောက်တဲ့ ပေတံကလည်း သူ့ဘက် – ကိုယ့်ဘက်အမြင်မတူတာ တွေလည်း ရှိနေနိုင်ပါသည်။ ၂၀၁၃-၁၄ မှ ၂၀၁၈-၁၉  ကာလနှင့် (၃၀-၆-၂၀၂၀) ရက်နေ့အတွင်း သမဝါယမအသင်း ဖွဲ့စည်းမှု၊ ဖျက်သိမ်းမှု၊ တည်ရှိမှုတို့ကို ဖော်ပြပါ အတိုင်း တွေ့ရှိရပါသည် –

              ကောင်းမွန်တိုးတက်ပြီး အများအကျိုးအလေးထားကာ ရှေ့တန်းရောက်နေသည့် သမဝါယမ အသင်းများလည်းအရေအတွက်များများ ရှိနေသလို မိမိအကျိုး အဖွဲ့အစည်းအကျိုးကို သဟဇာတလွန် ကဲပြီး လုပ်နည်းလုပ်ဟန်လွဲမှားကာ ပျက်သွားရရှာသည့်အသင်းများလည်း ရှိနေပြန် သည်။

မြန်မာ့သမဝါယမအခြေခံမူ (၁၀)ချက် ၊ ရိုးသားခြင်း၊ ပွင့်လင်းခြင်း၊ လူမှုရေး စိတ်ဓါတ် ရှိခြင်း နှင့် အများ အကျိုးကို အလေးထားခြင်းဆိုတဲ့ သမဝါယမကျင့်ဝတ် (၄) ရပ်၊ အနှစ်သာရ (၆) ရပ်တို့သည် ICA အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်က ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း များ နဲ့ ကိုက်ညီ နေသည်ကိုလည်းတွေ့ရပါသည်။ သမဝါယမအသင်းရယ်လို့ ဖြစ်လာပြီ ဆိုရင်တော့ ဥပဒေအရ အသင်း သား/အသင်းဝင်တွေရဲ့ အကျိုး ခံစားခွင့်၊ BOD အသင်း ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေက ထုတ် ပြန် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီရမည်ဖြစ်ပေသည်။ သမဝါယမအသင်းရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်က ဘာတွေလဲ၊ သမဝါယမအသင်းရဲ့ဘဏ္ဍာငွေ ရင်းနှီးမတည်ငွေကို ဘယ်လိုရယူနိုင်သလဲ၊ သမဝါယမ အသင်းများရဲ့ စီမံခန့်ခွဲမှုနှင့်ကြီးကြပ်မှုအပိုင်း၊ အသင်းများအား စာရင်းစစ်ဆေးမှုအပိုင်း တွေဘယ်လိုရှိကြသလဲဆိုတဲ့ မဆုံးနိုင်တဲ့မေးခွန်းတွေကလည်း ဒီရေအလား မြင့်တက် နေဆဲ ဟုထင်ပါ သည်။ မေးခွန်းပေါင်းများစွာရဲ့အဖြေတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေများမှာတော့ အသေးစိတ် ဖော်ပြပါရှိပြီးသားပါ။ ထိုအထဲမှ အချက်အချို့ကိုထုတ်နူတ်ရလျှင်“အသင်း၏ တာဝန်(၈)ချက်ရှိပြီး အသင်းစည်းကမ်းလိုက်နာခြင်း၊ စီးပွားရေး လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပါဝင်ဆောင်ရွက် နေသူများကို ခံစားခွင့် နှစ်စဉ်ခွဲဝေပေးခြင်း ၊ စာရင်း-ဇယားများ ပြုစုခြင်းနှင့် သက်ဆိုင်ရာသို့ အစီရင်ခံ စာပေးပို့ခြင်း၊ စာရင်းစစ်ခံယူခြင်း” တို့ဖြစ်ပါသည်။ သမဝါယမအသင်း၏ စာရင်းများကို အသင်းကိုယ် တိုင်က ရေးဆွဲခြင်းနှင့် အသင်းစာရင်းစစ်များကလည်း စစ်ဆေးကြရမည်ဖြစ်ပေသည်။

အသင်း၏ လုပ်ပိုင်ခွင့် (၆) ချက်ရှိပြီး ယင်းတို့မှာ “ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ် တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲ ခံနိုင် ခွင့်များရှိခြင်း၊ ပစ္စည်းများပိုင်ဆိုင်ခွင့်ရှိခြင်း၊ ပဋိညာဉ် စာချုပ် ချုပ်ဆိုပိုင်ခွင့် ရှိခြင်း၊ အသင်းက ရရန်ရှိသော ကြွေးမြီများကို အသင်းသား သို့မဟုတ် အသင်းဝင်၏ အစု၊ စုဆောင်းငွေ၊ ရင်းနှီးငွေနှင့် အသင်း ကပေးရန်ရှိသော အကျိုးခံစားခွင့်များမှ ခုနှိမ်ခွင့်ရှိခြင်း၊ ပုဂ္ဂလိကများနှင့် အကျိုးတူပေါင်းစပ် ဆောင် ရွက်ပိုင်ခွင့်ရှိခြင်း၊ အစိုးရ၏ ပံ့ပိုးကူညီမှုကို ရယူခွင့်ရှိခြင်း” ဟူ၍ တည်ဆဲဥပဒေတွင် ဖော်ပြထား ပါသည်။ အသင်း၏ ဘဏ္ဍာရေးအပိုင်း တွင်လည်း “သမဝါယမ အသင်းများသည် မိမိပိုင် ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော အဖွဲ့အစည်း ဖြစ်၍ အသင်းသား/ အသင်းဝင်တို့၏အစု၊ စုဆောင်းနှင့်ရင်းနှီးငွေများ၊ အမြတ်ငွေနှင့် ရန်ပုံငွေ များ၊ ပြည်တွင်း- ပြည်ပထောက်ပံ့ငွေများ၊ ချေးငွေများနှင့် တရားဝင်ရငွေများ ” ဖြင့်လည်ပတ် လုပ်ကိုင်ဆောင်ရွက် နေကြခြင်းဖြစ်ပေသည်။ ဒီဘက်ခေတ်များတွင် သမဝါယမအသင်း များ အနေဖြင့် “ အစိုးရ၏ ပံ့ပိုးကူညီမှုကိုရယူခွင့်ရှိခြင်း” ဆိုပေ့မယ့် ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်နေကြ ရဆဲဆိုတာလည်း အားလုံး အသိပင်ဖြစ်ပေမည်။

သမဝါယမအသင်းများအား စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ နည်းဉပဒေအပိုဒ် (၇၀)- (က)တွင် “အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် သမဝါယမအသင်း၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်နိုင်ခွင့်ရှိသည်။ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတစ်ခုနှင့်တစ်ခုအကြား အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသို့ တာဝန်ခံ၍ အသင်း၏ နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲရမည်”ဟု ဖော်ပြထား သကဲ့သို့ အသင်းများအား ကြီးကြပ်ကွပ်ကဲခြင်းအပိုင်းတွင်လည်း နည်းဉပဒေအပိုဒ် (၇၃) တွင် “သမဝါယမအသင်းကို အသင်း သား၊ အသင်းဝင်၊ ဦးစီးကော်မတီဝင်များ၏ဆန္ဒဖြင့် စီမံခန့်ခွဲ ကြီးကြပ်ကွပ်ကဲရမည်၊ ဦးစီးကော်မတီ၊ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ၏ ဆုံးဖြတ်ချက်များဖြင့် အသင်းကို ကြီးကြပ် ကွပ်ကဲရမည်၊ သမဝါယမအသင်း လုပ်ငန်း အဖွဲ့များ ကို ဦးစီးကော်မတီ သို့မဟုတ် အမှုဆောင်အဖွဲ့က ကြီးကြပ်ကွပ်ကဲရမည်၊ ဝန်ထမ်းများ ကို အမှုဆောင်အဖွဲ့ကဖြစ်စေ၊ တာဝန်လွှဲအပ်ခြင်းခံရသည့် လုပ်ငန်း အဖွဲ့က ဖြစ်စေ ကြီးကြပ်ကွပ်ကဲ ရမည်” ဟု ပြဋ္ဌာန်းထားပေသည်။

သို့ဆိုရာ ဖွဲ့စည်းပြီး သမဝါယမအသင်းများအနေဖြင့် သမဝါယမဦးစီးဌာန အဆင့်ဆင့် တွင်မှတ်ပုံတင်ကြရပြီး ဦးစီးဌာန (သို့မဟုတ်) စာရင်းကျွမ်းကျင်သူများက (၆)လတစ်ကြိမ် စာရင်းစစ် ဆေးခြင်းနှင့် နှစ်ကုန်သည့်အခါ နှစ်ချုပ်စာရင်းစစ်ဆေးပြီး စစ်ဆေးချက်အစီရင်ခံစာ များကို သက်ဆိုင်ရာသမဝါယမဦးစီးဌာနသို့ ပေးပို့၍အတည်ပြုရမည်လည်း ဖြစ်ပေသည်။  (၃၀-၆-၂၀၂၀) ရက် နေ့ထိ အသင်းသား (၄၂၁၂၉၅၇) ဦးဖြင့်ဖွဲ့စည်းထားသည့် အခြေခံသမဝါယမ အသင်းပေါင်း (၃၉၁၁၁) သင်း ရှိနေခြင်းကြောင့် ပျမ်းမျှအားဖြင့် အခြေခံအသင်း (၁)သင်းတွင် အသင်းသား(၁၀၈) ဦး ခန့်ပါဝင်နေသည်ဟု အကြမ်းဖျဉ်းတွက်ချက်လို့ရနိုင်ပေသည်။ အချို့ အသင်းများသည် အသင်းသား ၁၀-၁၅ ဦးခန့်ပါဝင်နိုင်သလို အချို့အသင်းများမှာ အသင်းသား (၃၀၀၀) ဦးရေခန့် ရှိနေသည်ကိုလည်း တွေ့ရပေသည်။ အခြေခံအသင်းအများစုမှာ ကျေးလက် ဒေသများတွင် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်နေကြသူများဖြင့် ဖွဲ့စည်းထားသည့် အသင်းများဖြစ်နေသည်ကိုလည်း တွေ့ရ မှာဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့ချရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် အဓိကပင်မကျောရိုးသဖွယ်တည်ရှိပြီး ကျေးလက်ဗဟိုပြု ဖွဲ့စည်းတည်ရှိနေသည့် သမဝါယမအသင်း များကြောင့် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနေသကဲ့သို့ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ၊ အများဆန္ဒဖြင့် စီမံခန့်ခွဲသည့်ဒီမိုကရေစီကျင့်စဉ်များ တိုးပွားရရှိလာမှာ လည်း ဖြစ်ပေသည်။

အချုပ်ဆိုရသော် သမဝါယမဆိုသည်မှာ “ဆန္ဒအလျောက်ပူးပေါင်းကြသူတို့က မိမိတို့ ၏ စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန် အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီးအများဆန္ဒနှင့်အညီကိုယ်တိုင်စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့ အစည်း ဖြစ်သည်” ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားရာ လူသားအကျိုးပြုလုပ်ငန်းများကို အများ၏ ဆန္ဒဖြင့်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လူမှုရေးကိုအလေးထားပြီး ကိုယ့်ခွန် ကိုယ့်အား စိုက်ထည့်ကာ ပူးပေါင်းမှု စွမ်းအားဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် နေသည့် သမဝါယမအသင်းများ တစ်နည်း သမဝါယမလုပ်ငန်းများအပေါ်ကဲ့ရဲ့မှုအဖုံဖုံ၊ ဝေဖန်မှု အနန္တ၊ ပြစ်တင်မှုအမျိုးမျိုး တွေက ကင်းဝေးနိုင်ကြ ပါစေဟူ၍သာ။

K ဇင်သစ်

                                                                                     (မန်းတက္ကသိုလ်)

ကိုးကား။            ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပေဒ

၂၀၁၃ ခုနှစ် သမဝါယမအသင်းနည်းဥပေဒများ

သမဝါယမဦးစီးဌာန၊ စာရင်းမှတ်တမ်းများ