အမယ်စုံအာဟာရပြည့်ဝစေရန် ရည်ရွယ်ပြီး အမျိုးသားအဆင့် အာဟာရဆိုင်ရာ လုပ်ငန်း စီမံချက် ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အစားအစာ ဖူလုံရေးနဲ့ အာဟာရ ပြည့်ဝစေရေး၊ အစားအစာ ဘေးကင်းရှင်းစေရေးတို့အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးချုပ် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ရှိသူအားလုံး တို့က စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်ပြီး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြဖို့နဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း မှာ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သုံးသပ် အကဲဖြတ်ပြီး အားနည်းချက်များကို သင်ခန်းစာအဖြစ်နဲ့ အားသာချက်များကို စွမ်းအားအဖြစ် အသုံးပြုပြီး ကြိုးပမ်းသွားကြဖို့ တိုက်တွန်းပါကြောင်း အောက်တိုဘာလ (၂၈)ရက် နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာလုပ်ငန်း စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာနမှူးများ ၊ တာဝန်ရှိသူများ က Zoom Application အသုံးပြု၍ သက်ဆိုင်ရာ ဒေသများမှ ပါဝင် တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်မှသာ အရင်းအမြစ်များကို မထိခိုက်စေဘဲ ပြည်တွင်း စားသုံးမှု ဖူလုံပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရန် ဈေးကွက်နှင့် ကိုက်ညီ သည့် ထုတ်ကုန် များကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ “တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၆) ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃) ဖြင့် အတည်ပြုထုတ်ပြန် ပြဌာန်းခဲ့ပြီးဖြစ်ရာ မိမိတို့ အားလုံး ဥပဒေပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြိုးပမ်း သွား ကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရ ဆိုင်ရာ လုပ်ငန်း စီမံချက် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေး ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးဆွဲချမှတ်ဖော်ဆောင်လျက်ရှိသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ(ADS) နှင့်အညီ မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်၊ နိုင်ငံတွင်းအရင်းအမြစ်များကို မထိခိုက်စေပဲ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရန် နှင့် မွေးမြူရေး လုပ်ငန်း ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေ အရ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှု တန်ဖိုး တိုးတက်စေရေး ကြိုးပမ်းရာတွင် သားငါးကဏ္ဍ က ၂ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်အောင် ပံ့ပိုးပေးရန် ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
နိုင်ငံ၏ တိုးတက်လာသည့် လူဦးရေအတွက် အသား၊ နို့၊ ဥ စသော အသားဓာတ်များ ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ရန် မြန်မာ့မွေးမြူရေးကဏ္ဍအနေဖြင့် စွမ်းအားရှိနေသော်လည်း တစ်ပိုင် တစ်နိုင် မွေးမြူရေးစနစ်ကိုသာ ကျင့်သုံးနေလျက်ရှိရာ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ အဖြစ် တိုးချဲ့ မွေးမြူ လာစေရန်၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကျင့်သုံးစေခြင်း၊ သုတေသန အခြေခံသော နည်းပညာများ ဖြန့်ဖြူးခြင်း စသဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များ ကျင့်သုံးခြင်းဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ် ရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ထုတ်ကုန်များ အရည်အသွေး မြင့်မားလာစေရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် ကောင်းမွန် သော မွေးမြူရေးကျင့်စဉ်များ GAHP လိုက်နာကျင့်သုံးရေး အားပေးကူညီလျက်ရှိပြီး GAHP လိုက်နာ ကျင့်သုံးသည့် ကြက်ခြံတစ်ခြံ၊ဝက်ခြံတစ်ခြံကိုလည်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးဖြစ်ကြောင်း၊ GAHP လိုက်နာကျင့်သုံးလာရေး တိုးချဲ့အကောင်အထည်ဖော် ဆောင်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ပြောသည်။
Covid-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေလုပ်ငန်းများအား ထိခိုက်မှုရှိနေသော်လည်း နိုင်ငံတော်က ချမှတ်ပေးသည့် Covid Economic Relief Plan (CERP) အရ ကဏ္ဍအလိုက် cash for work အစီအစဉ်များ ၊ cash for training အစီအစဉ် များကို အချိန်တိုအတွင်း စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မြို့နယ်ပေါင်း (၁၁၈) မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်း နှင့်ဆက်စပ်သူ (၆၀၀၀၀)ဦး အား မွေးမြူရေးဆိုင်ရာ သင်တန်း (၄) မျိုး အပြင် မေထုန်မဲ့သားစပ်သင်တန်း နှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းများကို ပို့ချပေး နိုင်ခဲ့ကြောင်း ၊ အဆိုပါ သင်တန်းများ ပို့ချပေးနိုင်ခြင်းအားဖြင့် ကိုဗစ်လွန်ကာလများ၌ ပြန်လည်ထူထောင်ရန် လိုအပ်လာမည့် မွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများအား လျင်မြန်စွာ စတင် နိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။