သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သော ကမ်ရိုးတန်း ရေလုပ်ငန်း ဦးဆောင် ကော်မတီ ၏ (၈) ကြိမ်မြောက် အစည်းအဝေးကျင်းပ

မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်း ရေလုပ်ငန်း ဦးဆောင်ကော်မတီ ၏ (၈) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ၊ ၂၆ ရက် မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်၊ ဦးကျော်မင်းဦး ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးမစ္စတာ ဂျွန်နေးဆန်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင် နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းအပြီးသတ်ရေး မဟာဗျူဟာ နှင့် ရေရှည်တည်တံ့သော ကမ်းရိုးတန်း ရေလုပ်ငန်း (Sustainable Coastal Fisheries – SCF) စီမံချက်များ ပြုစုရန် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

ဒိန်းမတ် နိုင်ငံအစိုးရ က ရန်ပုံငွေ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့သော ကမ်းရိုးတန်း ရေလုပ်ငန်း (Sustainable Coastal Fisheries – SCF) အစီအစဉ်ကို  ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ဆောင်ရွက် သွားမည် ဖြစ်သည်။

ပြည်သူလူထုအုပ်စု ၈ အုပ်စု နှင့်အတူ ပြုစုထားသည့် ရေရှည်တည်တံ့သော ကမ်းရိုးတန်း ရေလုပ်ငန်း(SCF) ၏ ပူးပေါင်းစီမံခန့်ခွဲမှုသဘောတူညီချက်များအား သက်ဆိုင်ရာသို့ ဆက်လက် တင်ပြအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့နှင့် သဘော တူညီမှု ရယူထားပြီးဖြစ်သည့် စံသတ်မှတ်ထားသော လုပ်ငန်းလည်ပတ် ဆောင်ရွက်ရေး လုပ်ငန်းစဉ်မူဘောင် (SOP)နှင့်အတူ SCF က စီမံချက်ရေး ဆွဲထားသည့်  နိုင်ငံရေပိုင်နက် အတွင်း ရှိ ရေလုပ်ငန်းများ စုံစမ်းစစ်ဆေးရေး စီမံကိန်း သည် အနာဂတ် ကမ်းရိုးတန်းရေလုပ်ငန်း စီမံခန့်ခွဲမှု အသိပညာပေးရေး နှင့် ဥပဒေတည်ရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူ ပြု စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့သည့် SCF သည် ပင်လယ်ပြင် ရေလုပ်ငန်း ဥပဒေ များ ပြဌာန်းအသက်သွင်းမှုကို အကျိုးပြုပေးနိုင်မည်ဖြစ်သည့်အပြင် မြန်မာ နိုင်ငံ ကမ်းရိုး တန်း ရေပြင်အခြေအနေအတွက် အထူးတည်ဆောက်ထားသည့် စစ်ဆေးရေး ရေယာဉ်နှစ်စင်း ဝယ်ယူ အသုံးပြုခဲ့ရာ လက်ရှိအလွန်အကျွံ  ငါးထုတ်ယူနေသော အဓိက ရေပိုင်နက် ပြင်ပနယ်ပယ်များ အား ခွဲခြားသတ်မှတ်နိုင်ရန် Vessel Monitoring System (VMS) ဒေတာများ အသုံးပြုနိုင် မည် ဖြစ်၍ ငါးလုပ်ငန်းဦးစီးဌာန ၏ ပင်လယ်ပြင်ရေ လုပ်ငန်းများ အပေါ် စီမံခန့်ခွဲမှု အတွက် ပိုမို တိကျစွာ တိုင်းတာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။