ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေးအစီအစဉ်၏ မူဝါဒဆိုင်ရာ အစည်း အဝေး ပထမအကြိမ်ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဥရောပသမဂ္ဂ၏ အထောက်အပံ့ဖြင့် အာဟာရကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာအစီအစဉ် (Nutrition Sector Reform Contract- NSRC) ကို ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နှင့် CERP ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂ တို့ အကြား အာဟာရကဏ္ဍပြုပြင် ပြောင်းလဲရေးအစီအစဉ်၏ မူဝါဒဆိုင်ရာအစည်းအဝေး ကို Zoom Application ဖြင့် အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးလှကျော် ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန နှင့် ငွေတိုက်ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် EU Deligation မှ Dr. Johann H. Hesse နှင့် Mr. Alvaro တို့ပါဝင် တက်ရောက်ကြသည်။အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် Dr. Johann H. Hesse တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ က “Covid-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်”(CERP) နှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် က NSRC အစီအစဉ်တွင် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS)  နှင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရဆိုင်ရာစီမံကိန်း(MS-NPAN) တို့ကို ချိတ်ဆက်၍  ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စီမံကိန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူး က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာအစီအစဉ် (NSRC) ပါ လုပ်ငန်း စဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ ၌ သတ်မှတ် ချက် ပြည့်မီရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ အစည်းအဝေးတက်ရောက်လာကြ သူများက NSRC အောင်မြင်စွာ အကောင် အထည် ဖော် ဆောင်ရွက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများ အား ဝိုင်းဝန်းအကြံပြု ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။