ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  မြန်မာ – နယ်သာလန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်

မြန်မာနိုင်ငံ နှင့် နယ်သာလန်နိုင်ငံတို့အကြား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု  ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E Mrs. Anne Elisabeth Luwema ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ နှင့် နယ်သာလန်နိုင်ငံ တို့အကြားပူးပေါင်း ဆောင်ရွက်လျက် ရှိသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးစီမံကိန်း အရ နည်းပညာအထောက်အပံ့များအဖြစ် ဆောင်ရွက်သည့်  မျိုးစေ့ကဏ္ဍ နှင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကဏ္ဍများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ ကိုလည်းကောင်း၊  စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးရေးကဏ္ဍ နှင့် ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နယ်သာလန်နိုင်ငံ၏ DRIVE Program (Development Related Infrastructure Instrument Vehicle) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့်  ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း စိုက်ပျိုးရေ ၊ မြို့ပြနှင့် စက်မှုလုပ်ငန်းသုံးရေ သိုလှောင် နိုင်ရန် ၊ ပန်းလှိုင်မြစ်ကြောင်းတလျှောက် ရေကြီးနစ်မြုပ်မှု ကာကွယ်ရန် ပန်းလှိုင်ရေထိန်းတံခါး စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊  မွေးမြူရေး နှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ နည်းပညာဖွံ့ဖြိုးရေးအတွက် သင်တန်းများ ဆောင်ရွက်ပေး နိုင်ခဲ့မှု နှင့် မြန်မာနိုင်ငံ၏ အပင်မျိုးသစ်ကာကွယ်ပေးရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း   ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။