ကြော်ငြာနှင့်နှိုးဆော်ချက်များ သတင်းကဏ္ဍ

COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပွားနေစဉ်ကာလအတွင်း လယ်ယာ သုံး စက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်း အသုံးပြုရာတွင် လိုအပ် သော အကူအညီ တောင်းခံ ဆောင်ရွက် နိုင်ကြောင်း အသိပေး ကြေညာချက်

၁။      ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် အခြောက်ခံနိုင်ရန် အတွက် ရိတ်သိမ်းခြွေလှေ့စက်(Combine Harvester)များနှင့် အခြောက်ခံစက် (Dryer) များ ကို ရွှေ့ပြောင်းသယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်အသုံးပြုရေး၊ ဆောင်းသီးနှံ ထွန်ယက် စိုက်ပျိုးရေး အတွက် ထွန်စက်ကြီးများ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက်ကြမည့် မောင်းနှင်သူ များနှင့် ကျွမ်းကျင်သူများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့  ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် လယ်ယာသုံးစက်ကိရိယာများ ရွှေ့ပြောင်း အသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။

၂။       COVID-19 ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်တင်ယာဉ်များ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် သွားလာ မည့် ကုန်တင်ယာဉ်များ လိုက်နာဆောင်ရွက်ရမည့် စံသတ်မှတ်ချက် (Standard Operating Procedure, SOP)များနှင့်အညီ မိုးစပါးရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ဈေးကွက်သို့ တင်ပို့ခြင်းလုပ်ငန်းများအား “မြို့နယ်အဆင့် လယ်ယာသုံး စက်ကိရိယာ များ ရွှေ့ပြောင်းအသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့”က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။

၃။      သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနများသို့ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ် – ၀၆၇-၄၁၀၁၃၉ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဖုန်းနံပါတ် – ၀၁-၂၃၀၁၁၂၈ နှင့် ၀၁-၂၃၀၁၁၂၉ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေး အပ် ပါသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန