သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးရွာသစ်လှုပ်ရှားမှု အွန်လိုင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၀)ဖွင့်လှစ်

ကျေးရွာသစ်လှုပ်ရှားမှု အွန်လိုင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာလ (၂၆)ရက် မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ကို အခြေပြုဖွင့်လှစ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ သင်တန်းကျောင်းတာဝန်ခံ နှင့် သင်တန်း ဆရာ/ဆရာမများ၊ စွမ်းအားမြှင့်မီးဖို များ ဖြန့်ဖြူးခြင်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော တိုင်းဒေသကြီး/ ပြည်နယ် (၁၃)ခု၊ မြို့နယ်(၃၇)ခုရှိ စံပြကျေးရွာ (၄၀)မှ ကျေးရွာသစ်လှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ မန္တလေးတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် မြစ်သားမြို့နယ် နှင့် ညောင်ဦးမြို့နယ်ရှိ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ(၂)ရွာ မှ ကျေးရွာခေါင်းဆောင် (၂)ဦးစီ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး (၃၉)ဦး နှင့် မြို့နယ်များမှ ကျေးရွာတာဝန်ခံ ဝန်ထမ်းများ က သက်ဆိုင်ရာဒေသများမှ Zoom Application အသုံးပြု၍ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို မှ ဖွင့်ပွဲအမှာစကားပြောကြားရာ၌ ယနေ့ဖွင့်လှစ်သည့် ကျေးရွာသစ်အွန်လိုင်း သင်တန်းသည် တတိယအကြိမ်မြောက်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၅ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ကောင်းမွန်သောရလဒ်များဖြင့် ကျေးရွာများ၏ ရုပ်ပိုင်းဆိုင်ရာ နှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး သည့်နောက် မြန်မာနိုင်ငံ၏ ကျေးရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ယနေ့ကာလ တွင် နိုင်ငံတော်အစိုးရ၏ထောက်ပံ့ငွေဖြင့်  စံပြကျေးရွာပေါင်း (၂၈)ရွာ၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း၏ ထောက်ပံ့ရန်ပုံ ငွေဖြင့် စံပြကျေးရွာပေါင်း(၄၀)ရွာတို့တွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းများကို ဆောင် ရွက်လာနိုင်ပြီဖြစ်ပါကြောင်း၊ စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်း၏အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်တွင် ကျေးရွာပေါင်း (၄၀)ရွာ၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ကျေးရွာပေါင်း (၂၅)ရွာ တို့ကို ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် နိုင်ရန် စီမံချက်များချထားပြီးဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံနှင့်ပူးပေါင်း၍ လည်း ၂၀၂၁ ခုနှစ်မှစ၍ ကချင်ပြည်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း ထပ်မံတိုးချဲ့ပြီး ကျေးရွာပေါင်း (၁၃၀)ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ကျေးရွာ များဖွံ့ဖြိုးတိုးတက်ဖို့အရေးကြီးသည့်အတွက် ကျေးရွာခေါင်းဆောင်များနှင့် ကျေး ရွာသူ၊ ကျေးရွာသားများ၏ စိတ်ဓာတ်ခံယူမှုများ မှန်ကန်ဖို့၊ အနစ်နာခံဖို့၊ လုံ့လဝီရိယရှိပြီး ကြိုးစား အားထုတ်ဖို့၊ ကိုယ့်အားကိုယ်ကိုးပြီး  ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ ခံယူချက်များ မှန်ကန်ရေးသည် အလွန်အရေးကြီးကြောင်း၊ သင်တန်းသူ သင်တန်းသားများ အနေဖြင့် ဤသင်တန်းမှ ပို့ချပေးသော ပို့ချချက်များကို သေချာစွာ လေ့လာသင်ယူပြီး မိမိတို့ကျေးရွာများသို့ ရောက်သည့်အခါမှာ မိမိတို့ကျေးရွာများနှင့် ကိုက်ညီမည့်ပုံစံများကို လက်တွေ့ကျင့်သုံးကြပြီး ကျေးရွာသူကျေးရွာသားများ၏ စိတ် ဓာတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်အောင်၊ ဝင်ငွေများတိုးတက်အောင်၊ ကျေးရွာများ နေချင်စဖွယ်ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြပါလို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းကျောင်းတာဝန်ခံ နှင့် သင်တန်း ဆရာ/ဆရာမများ က သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အွန်လိုင်းစနစ်ဖြင့် ပို့ချဆွေးနွေးကြသည်။သင်တန်း ကို အောက်တိုဘာ လ(၂၆)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။